၂၇.၁၁.၂၀၂၄
Written By Zun
မီးလောင်မှုတွင် ဒဏ်ရာရခဲ့၍ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ ဆေးလာကုသည့် မော်လမြိုင် မင်းသန့် စက်သုံးဆီဆိုင်ပိုင်ရှင်၏သား ကွယ်လွန်သွားရှာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်အချိန်က မော်လမြိုင် မင်းသန့်စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီအရောင်းဆိုင်နောက်ဘက်ရှိ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဘောက်ဆာယာဉ်မှ ဆီချနေစဉ် မီးလောင်မှုစတင်ဖြစ်ပွားခဲ့၍ မီးငြှိမ်းသတ်မှုများပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရသူများပြားခဲ့ခြင်း ဖြစ်သည်။
“နိုဝင်ဘာလ ၈ ရက်ကပဲ ရန်ကုန်ကို လေယာဉ်စင်းလုံးငှားနဲ့ သယ်လာတာ။ နိုဝင်ဘာလ ၂၃ ရက်နေ့ကဆုံးလို့ ၂၄ ရက်နေ့က ရန်ကုန်မှာပဲ မီးသင်္ဂြိုဟ်တယ်။ အရိုးပြာအိုးကို မော်လမြိုင်ကို ပြန်ယူလာတယ်လို့ ပြောတယ်”ဟု ယင်းမိသားစုနှင့် နီးစပ်သူ တစ်ဦးက MT News ကို ပြောသည်။
ယင်းစက်သုံးဆီဆိုင်မီးလောင်မှုကြောင့် မီးငြှိမ်းသတ်သူများအပါအဝင် ၂၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ရာ သေဆုံးစာရင်းအနေဖြင့် ဆီဘောက်ဆာယာဉ်မောင်းနှင့် ဆီဆိုင်ပိုင်ရှင်၏သား သေဆုံးခဲ့ကာ ဒဏ်ရာရရှိခဲ့သော မီးသတ်ဝန်ထမ်းနှင့် ကယ်ဆယ်ရေးသမားများတွင် (၁၇)ဦးမှာ ဆေးရုံကဆင်းရပြီး၊ ကျန်(၃)ဦးမှာ မော်လမြိုင် ဆေးရုံတွင် ကုသနေရဆဲဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါစက်သုံးဆီအရောင်းဆိုင်နောက်ဘက်ရှိ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဘောက်ဆာကား ၂ စီးရပ်ထားကာ ဆီချနေစဉ် ဆီထွက်ပေါက်ယိုစိမ့်နေရာ အခြားယာဉ်တစ်စီး၏ အိတ်ဇောပိုက်မှထွက်သော အပူငွေ့ဖြင့် ထိတွေ့၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် 92 အမျိုးအစား ဓါတ်ဆီ ဂါလံ ၃ ထောင်ခန့်ဆုံးရှုံးခဲ့ကြောင်း၊ မီးငြှိမ်းသတ်နေစဉ် ည ၉ နာရီခန့်က မီးလောင်နေသည့် ဆီဘောက်ဆာကားပေါက်ကွဲမှုဖြစ်ပွားပြီး မီးငြှိမ်းသတ်နေသူ ၂၀ ဦးနှင့် ဝန်ထမ်း၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း၊ ယင်းတို့မှာ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ ဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားစဉ် မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ကျိုက်မရောတို့မှ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံလူမှုကူညီရေးအသင်းတို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် မင်းသန့်စက်သုံးဆီဆိုင်သည် ရိုးဂိုးကျေးရွာအပိုင် မော်လမြိုင် မုဒုံကားလမ်းပေါ်တွင်တည်ရှိပြီး စက်သုံးဆီနှင့် အိမ်သုံးဂတ်စ်များရောင်းချသည့်ဆိုင်ဖြစ်ကြောင်း သိရသည်။