◾ ဆွေးနွေးပွဲတွေကိုပြုလုပ်ဖို့ အချိန်မနှောင်းသင့်တော့ဘူးလို့ ဆို
၂၇.၁၁.၂ဝ၂၄
Written by K Pyay Thein
လက်ရှိအချိန်ဟာ ရှမ်းမြောက်တိုက်ပွဲတွေကို အကဲဖြတ်ရမယ့်အချိန်ဖြစ်ပြီး စစ်ဖြစ်နေလို့၊ တိုက်ပွဲဖြစ်နေလို့ တိုင်းပြည်က သာယာတယ်ဆိုတာမရှိဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောကြားလိုက်ပါတယ်။
“စစ်ဖြစ်နေလို့၊ တိုက်ပွဲဖြစ်နေလို့ တိုင်းပြည်က သာယာတယ်ဆိုတာမရှိဘူး။ တိုင်းပြည်ရဲ့မသာယာမှုတွေကို ကျွန်မတို့ အလေးထားရမှာ။ အဓိက တိုက်ပွဲဖြစ်နေလို့ တိုင်းပြည်က သာယာတယ်ဆိုတာ မရှိပါဘူး။ တိုင်းပြည်ရဲ့ မသာယာမှုတွေကို အလေးထားရမှာ အရေးကြီးပါတယ်။ ပြည်သူတွေကို အလေးထားရမှာ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့သည် ဆွေးနွေးပွဲကို ဘယ်လိုရောက်ကြရမှာလဲဆိုတာက အဓိကကျတယ်။ ကျွန်မအနေနဲ့ပဲဖြစ်ဖြစ် ALP ပါတီအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်လမ်းကြောင်းအတိုင်း NCA လက်မှတ်ထိုးထားတဲ့စာချုပ်အပေါ်မှာတော့ ကျွန်မတို့သစ္စာရှိတယ်။ အဲ့လမ်းကြောင်းပေါ်မှာပဲ တစိုက်မတ်မတ်သွားနေတယ်။ အဲ့ဒါကြောင့် ကျွန်မပြောချင်တာကတော့ စားပွဲ၀ိုင်းကို အားလုံးရောက်နိုင်ဖို့အတွက် အမြန်ဆုံးပံ့ပိုးပေးကြမယ်။ ကြိုးပမ်းပေးကြမယ်။ အားလုံးစားပွဲ၀ိုင်းမှာရောက်လာခဲ့တဲ့အကျိုးရလဒ်တွေက NCA တုန်းကလည်းအများကြီးရှိခဲ့ပါတယ်”လို့ ဒေါ်စောမြရာဇာလင်းက MT News ကို ပြောပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေမှာ အဓိကပါဝင်နေတဲ့ တအာင်းလက်နက်ကိုင် TNLA ကတော့ တရုတ်နိုင်ငံအစိုးရရဲ့ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ နှစ်ဖက်ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်မှုတွေရှိထားပါတယ်။
အဲ့ဒါကြောင့် ရှမ်းမြောက်ဒေသလက်နက်ကိုင်ပဋိပက္ခတွေဟာ ချုပ်ငြိမ်းသွားဖို့ အလားအလာရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
“ရှမ်းမြောက်ကိစ္စက ပြောဖို့ခက်ပါတယ်။ ဒီတိုင်းပြည်ရဲ့အခြေအနေက ထွက်ပေါက်မရှာလို့ မရကိုမရတော့ပါဘူး။ အဲ့ဒါကို တိုက်ချည်းပဲတိုက်နေလို့ မရတော့ဘူး။ ဒီလိုပဲကျွန်မတို့ ပြောချင်တာပေါ့။ အဲ့ဒါကြောင့်မို့ အခု ရှမ်းမြောက်ရဲ့အခြေအနေကိုလည်း အကဲဖြတ်နေရတယ်ဆိုတော့ တိုက်ပွဲရဲ့သံသရာထဲမှာ အများကြီး အလူးအလဲခံနေကြရတာက ပြည်သူတွေဖြစ်တယ်။ တိုက်ပွဲနေရာတွေမှာဆိုရင် ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှုတွေ အများကြီးဖြစ်နေကြတယ်”လို့ ဒေါ်စောမြရာဇာလင်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ဆိုပါက စကားပွဲဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်လာဖို့လိုပြီး ဆွေးနွေးပွဲတွေကိုပြုလုပ်ဖို့ အချိန်မနှောင်းသင့်တော့ဘူးလို့လည်း ဒေါ်စောမြရာဇာလင်းက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။
“EAO – ၇ ဖွဲ့ရှိရင် EAO တွေဟာ ဆွေးနွေးပွဲထိုင်ကြရင်တစ်မျိုး၊ ကိုယ့်ရဲ့အဖွဲ့အစည်းမှာထိုင်ကြရင်တစ်မျိုးဆိုတာမျိုးဖြစ်နေတယ်။ ဒါကြောင့် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို လုပ်ကိုလုပ်သင့်တယ်။ အချိန်မနှောင်းသင့်တော့ဘူးလို့ ထင်တယ်။ ဒါက ကျွန်မရဲ့အမြင်ကို ကျွန်မပြောတာပါ။ ဆွေးနွေးပွဲတွေမှာ ရထားတဲ့ရလဒ်တွေကို ဒီထက်ပိုပြီးလေးနက်တဲ့ရလဒ်တွေကိုရဖို့ အရေးကြီးပါတယ်”လို့ ဒေါ်စောမြရာဇာလင်းက ထပ်လောင်း ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံတာဝန်တွေကိုရယူထားတဲ့ နစကအစိုးရအဖွဲ့ အနေနဲ့လည်းတိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲတွေမှာပါဝင်ကြဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်ကမ်းလှမ်းမှုတွေလည်း ရှိထားတာဖြစ်ပါတယ်။