၂၇.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ထရပ်ကားတစ်စီးက အခြားသော ထရပ်ကားနှစ်စီး၊ SUV ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့အားတိုက်မိကာ ဈေးသည်အမျိုးသမီးတစ်ဦးအပေါ်မှ ဖြတ်ကျော်ပြီးနောက် အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခု စီဘူးပြည်နယ်မြောက်ပိုင်း၊ ဆန်ရီမီဂျီအိုမြို့၊ ဟက်ဂ်နာယာဆိပ်ကမ်းအနီး၌ နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရသည်။
Wing Van အမျိုးအစား ဆီနီယို ထရပ်ကားက ပင်လယ်ကမ်းစပ်အနီး အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်မသွားမီ လမ်းဘေးစာရောင်းနေသော အသက် ၄၄ နှစ်ရှိ ဈေးသည်အမျိုးသမီးတစ်ဦးအပေါ်မှ လည်းဖြတ်ကျော်သွားခဲ့ရာ ထိုအမျိုးသမီးမှာ သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသူအမျိုးသမီးကလည်း ထိုမြို့မှပင်ဖြစ်ကြောင်း သိရသည်။
Wing Van ထရပ်ကို အသက် ၃၈ နှစ်ရှိ စီဘူးပြည်နယ်၊ ဘန်တာရန်မြို့နေ အာဆီနီယို မန်ဆူတို လာဝန်ဆိုသူက မောင်းနှင်လာပြီး ဆန်အိတ်များသယ်ဆောင်ကာ ဟက်ဂ်နာယာဆိပ်ကမ်းမှ ဘန်တာရန်ကျွန်းသို့ ပို့ပေးရန် မောင်းနှင်လာခြင်းဖြစ် သည်။ ထရပ်ကားက ၎င်း၏ထွက်ခွာရန်အလှည့်အတွက် စောင့်ဆိုင်းနေစဉ် ဘရိတ်များပေါက်ကာ ယာဉ်မောင်းမှာ ယာဉ်ကိုမထိန်းသိမ်းနိုင်ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲကပြောခဲ့သည်။
၎င်း၏ထရပ်ကားက အီဆူဇူး Elf ထရပ်ကားတစ်စီး၊ အခြားထရပ်ကားတစ်စီး၊ SUV ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးတို့ကိုတိုက်မိခဲ့ပြီးနောက် အဆောက်အအုံအတွင်းသို့ ခေါင်းထိုး၍မဝင်ရောက်မီ ရှေ့တွင် ထိုင်နေသော လမ်းဘေးစာရောင်းသည့် အမျိုးသမီးအား တက်ကြိတ်ခဲ့ခြင်းဖြစ်သည်။
ထိုအမျိုးသမီးမှာ ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ ဈေးရောင်းနေခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ ထရပ်ကားဝင်တိုက်မှုက ရှောင်တိမ်းလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထရပ်ကားမောင်းသူအား လူသေသည်အထိဖြစ်စေခဲ့သော မဆင်မခြင် ယာဉ်မောင်းနှင်မှုနှင့် အဆောက်အအုံထိခိုက်ပျက်စီးစေသည့် ယာဉ်တိုက်မှုတို့ဖြင့် ရဲတပ်ဖွဲ့က တရားစွဲ အရေးယူထားသည်။
Ref- Cebu Daily News