ဖြိုးဝေ
၂၇. ၁၁. ၂၀၂၄
တော်လှန်ရေးအတွက် ၂၀၃၀ အထိ ပြင်ဆင်ထားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်မှာပြုလုပ်တဲ့ NUG ရဲ့ ၂၈/၂၀၂၄ အစည်းအဝေးမှာ ဖွင့်ဟလာပါတယ်။
ဒါဟာ NUG ကြွေးကြော်ဖူးသမျှထဲ အချိန်အဝေးဆုံး ဖွင့်ဟလာတာဖြစ်ပြီး ပြည်သူလူထုကို ၂၀၂၁ ခုနှစ်အတွင်းမှာ သုံးရက်၊ သုံးလ၊ ခြောက်လပဲ သည်းခံဖို့ ပြောခဲ့မှုနဲ့ စတင်ခဲ့တဲ့ NUG ဟာ ၂၀၂၂ ခုနှစ်ကို ကူးပြောင်းတော့မယ်ဆိုချိန်မှာ “၂၀၂၂ ခုနှစ်ဟာ တော်လှန်ရေး အောင်ပွဲရမယ့်နှစ်”လို့ ဒေါ်ဇင်မာအောင်အပါအဝင် NUG ခေါင်းဆောင်တွေက လူထုကို ကျုံးသွင်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်ဟာလည်း အောင်ပွဲမရချိန်မှာ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်တို့လို လူထုကြား မကြာခဏမြင်တွေ့ရသူတွေနဲ့ NUG ခေါင်းဆောင်ပိုင်းတွေကပဲ ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ ထပ်မံ မြူစွယ်ကြပြန်ပါသေးတယ်။
၂၀၂၃ ခုနှစ်ဟာလည်း အဆုံးသတ်အတွက် အဆုံးအဖြတ်မဖြစ်လာချိန်မှာ NUG ခေါင်းဆောင်တွေက ၂၀၂၄ ခုနှစ်ဟာ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးရောက်မဲ့နှစ်လို့ ပြောကြပြန်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၃ ခုနှစ်အတွင်းမှာ NUG ထောက်ပို့တွေနဲ့ NUG ဝန်ကြီးတွေဟာ ပြည်သူ့အလှူငွေကိုယ်ကျိုးသုံးပြီး ပြည်ပမှာ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ ဒေါ်လာသိန်းသန်းချီ တန်တဲ့ အိမ်ရာဝယ်ယူမှုတွေ၊ မြန်မာပြည်တွင်းကလူငယ်တွေကို CDM ဆိုပြီး ပညာရေး သပိတ်မှောက်စေခဲ့ပေမဲ့ ကိုယ့်ရင်သွေးကိုယ်ကြတော့ ပြည်သူ့အလှူငွေနဲ့ ဒေါက်တာဘွဲ့တွေပါ ထပ်ယူစေခဲ့တာတွေ၊ ဒေါ်လာသန်းရာချီ အဂတိမှုတွေ ပေါ်ပေါက်လာတာ၊ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစည်းရုံးပြီး ဖက်ဒရယ်တပ်မတော်ထူထောင်နိုင်ဖို့ လမ်းစ မပြုလုပ်နိုင်တဲ့အပြင် အင်အားနည်းတဲ့ ဒေသန္တရလက်နက်ကိုင်တွေကို သတ်ဖြတ်ချေမှုန်းတာ၊ NUG ရဲ့ ပသုံးလုံးနယ်မြေမှာ တော်လှန်ရေးအင်အားစုဘက်က ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အမျိုးသားတွေ သတ်ဖြတ်ခံရ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတဲ့အပြင် ပသုံးလုံးလက်နက်ကိုင်တွေရဲ့ သစ်မှောင်ခိုမှုတွေ လောင်းကစားသမားတွေနဲ့ ကိုယ်ကျိုးရှာမှုတွေ အဂတိမှုတွေ ဖော်ထုတ်တိုင်ကြားတဲ့ NUG ရဲ့ ကနီမြို့နယ်ပညာရေးတာဝန်ခံ CDM ကျောင်းဆရာမိသားစုကို သုံးနှစ်သမီးပါမချန် ပသုံးလုံးနယ်မြေမှာ လည်လှီးအသတ်ခံရပြီး တရားခံကို NUG ဖော်ထုတ်မပေးနိုင်တဲ့ဖြစ်စဥ်တွေ ဖြစ်ခဲ့အပြီးမှာ NUG အပေါ် လူထု ထောက်ခံယုံကြည်မှု ကျဆင်းလာသလို ဒူဝါလရှီးလကိုယ်တိုင်လည်း ၂၀၂၅ ခုနှစ်ကို အောင်ပွဲရမယ်လို့ အရင်တုန်းကလို မပြောရဲတော့ဘဲ ကြိုတွက်ပြင်ဖို့နဲ့ ၂၀၃၀ အထိ အကြမ်းဖျဥ်းပြင်ဖို့ ပြောလာတာပါ။
“ အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချို့ကလည်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး သတိရဖို့ လိုပါတယ်။ အဲသည့် အပြောင်းအလဲတွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲကို စိုးရိမ်လို့ မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖို့ကသာ အဓိကကျတယ်လို့ နားလည်ထားဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို့ လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆလုပ်ဆောင်တာတွေလည်း ရှိသင့်တယ်လို ထင်ပါတယ်။ လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ နိုင်ငံရေးအရ – စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး – နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို ပြောတဲ့နေရာမှာ – တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို့ ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လျစ်လျှူရှုလို့ မရပါဘူး။ ဒါကို မဟာဗျူဟာ အပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖို ဖြစ်ပါတယ်”လို့ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
NUG ၊ PDF တွေနဲ့ EAOs တွေဟာ ကျားဖြန့်ကို နှိမ်နင်းပါ့မယ်လို့ တရုတ်နိုင်ငံကို တိုင်တည်ပြီး မြို့စသိမ်းတဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမစတင်ချိန်မှာ မြန်မာ့မြို့တွေကို သိမ်းပိုက်နိုင်တာမရှိဘဲ လက်နက်ငွေကြေးအင်အားအခိုင်အမာနဲ့ ရုတ်တရက်လှုပ်ရှားတဲ့ MNDAA ၊ TNLA နဲ့ AA တို့ရဲ့ တရုတ်နိုင်ငံကိုတိုင်တည်လှုပ်ရှားတဲ့ မြို့သိမ်းတိုက်ပွဲဖြစ်စဥ်တွေ နောက်ပိုင်းမှ မြို့သိမ်းတိုက်ပွဲအများစု အောင်မြင်မှုစတင်ရခဲ့တာပါ။ လက်ရှိကာလမှာတော့ တပ်မတော်က MNDAA ၊ TNLA နဲ့ AA တို့ကို စက်တင်ဘာ ၂ ရက်မှာ အကြမ်းဖက်သတ်မှတ်ပြီး ဒီအကြမ်းဖက်တွေ ချေမှုန်းတော့မှာမို့လို့ လူထုကိုရှောင်တိမ်းပါလို့ သတိပေးပြီး တန်ပြန်ထိုးစစ်စတင်ခဲ့သလို မြန်မာအစိုးရက အကြမ်းဖက်သတ်မှတ်ထားတဲ့ MNDAA ခေါင်းဆောင်ဖုန်တာ့ရွှင်ကို တရုတ်အစိုးရက အောက်တိုဘာလကုန်ပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ သတင်းထွက်ပေါ်တာ၊ နိုဝင်ဘာလဆန်းပိုင်းမှာ SAC ဥက္ကဋ္ဌကို မဟာမဲခေါင်အစည်းအဝေးဖိတ်ကြားပြီး နိုင်ငံတော်အဆင့်ကြိုဆိုလိုက်တဲ့အပြင် မြန်မာပြည်နဲ့ထိစပ်နေပြီး BRI စီမံကိန်းနဲ့ တရုတ်စီမံကိန်းအားလုံးအတွက် အရေးကြီးတဲ့ ယူနန်ပြည်နယ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပေးပြီး တရုတ်ဝန်ကြီးချုပ်ကလည်း တွေ့ဆုံပေးခဲ့ရတဲ့ မဟာမဲခေါင်ဒေသက တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်ခဲ့တာ၊ တရုတ်နိုင်ငံကို အခြေပြုပြီး မြန်မာနိုင်ငံရဲ့အကျိုးစီးပွားပျက်စီးအောင် လုပ်ဆောင်နေမှုတွေကို လက်သင့်ခံမှာမဟုတ်ကြောင်းနဲ့ တရုတ်- မြန်မာ နယ်စပ်ဂိတ်တွေ သိမ်းထားတဲ့ KNU ၊ TNLA နဲ့ MNDAA တို့ကို အတိအကျရည်ရွယ်တဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ နှစ်နိုင်ငံအစိုးရအောက်မှာပဲ ရှိရမှာဖြစ်ပြီး နှစ်နိုင်ငံအစိုးရတွေက အပြည့်အဝစီမံခန့်ခွဲနိုင်ဖို့အထိ ဆက်လက်လုပ်ဆောင်မယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်က SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း AA ခေါင်းဆောင်တချို့ အဖမ်းခံထားရတယ်လို့ အတည်ပြုလို့မရသေးတဲ့ သတင်းတွေ ထွက်လာခဲ့သလို နိုဝင်ဘာ ၂၅ ရက်မှာတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ TNLA ကလည်း စစ်ရေးတင်းမာမှု ပဋိပက္ခတွေ အပြီးသတ်ဖို့ ညှိနှိုင်းဆွေးနွေးချင်တယ်လို့ တောင်းဆိုစာ ထုတ်လာခဲ့တာပါ။ ဒါကြောင့်မို့လည်း ဒူဝါလရှီးလက တရုတ်နိုင်ငံရဲ့ ဖိအားတွေလို့ ပြောခဲ့တာပါ။
“သေချာတာတစ်ခုကတော့ – တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက SAC အနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ငြင်းပယ်လို မရသလို လျစ်လျှူရှုပစ်လိုက်လို့လည်း မရပါဘူး” လို့လည်း ဒူဝါလရှီးလက ဆက်ပြောပါတယ်။
EAOs တွေ မစည်းရုံးနိုင်တဲ့ NUG ဟာ LPDF တွေကိုလည်း နှိမ်နင်းသတ်ဖြတ်နေပြီး ပသုံးလုံးရဲ့ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်မှုတွေကိုလည်း တားမြစ်ဖော်ထုတ်မှုမပြုနိုင်တဲ့အပြင် တော်လှန်ရေးအလှူငွေတွေကို NUG ဝန်ကြီးဆိုသူတွေက ပြည်ပမှာ မိသားစုလိုက်အခြေချနေထိုင်တာမျိုးမှာ ကိုယ်ကျိုးသုံးကြတာတွေ လက်ရှိမှာ မြင်ခဲ့ရပြန်ပါတယ်။ ဒါ့အပြင် CRPH အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းက ဒေါ်လာသန်းချီ သုံးစွဲပြီး ဖြေရှင်းချက်မပေးတာ၊ ထိုင်းနိုင်ငံမှာ ဇိမ်ခံအိမ်တွေ၊ မယားငယ်တွေနဲ့နေတယ်လို့ သတင်းထွက်တဲ့ NUG ဝန်ကြီးဦးလွင်ကိုလတ်၊ တန်ဖိုးကြီးအရက်သေစာသောက်စားတတ်တယ်ဆိုတဲ့ NUG ဝန်ကြီးဦးရည်မွန်၊ ဘားတွေဖွင့် စီးပွားရှာတဲ့ NUG ဒုဝန်ကြီးဦးကျော်နီ၊ မျက်နှာအလှပြင်၊ နှာခေါင်းခွဲစိတ်တဲ့ NUG ဒုဝန်ကြီးအိသဉ္ဇာမောင် စတဲ့ NUG က ထိပ်ပိုင်းလူတွေရဲ့ အလှူငွေကိုယ်ကျိုးသုံး အဂတိကျုးလွန်မှုတွေကို တော်လှန်ရေးအသိုင်းအဝိုင်းကပဲ ဖော်ထုတ်ခဲ့ကြအပြီးမှာ NUG အစိုးရအဖွဲ့ဝင်ဆိုသူတွေရဲ့ အဂတိမှုကို စောင့်ကြည့်မယ်ဆိုတဲ့ Anti- Corruption Taskforce (ACT) အဖွဲ့ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ ဖွဲ့စည်းထွက်ပေါ်လာခဲ့တာကို ရင်ဆိုင်ခဲ့ရတာကြောင့် NUG ဟာ “အဝေးရောက်အစိုးရ” ဖြစ်လို့မရဘဲ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာလို့လည်း ဒူဝါလရှီးလက ဝန်ခံခဲ့ပါသေးတယ်။ ဒါ့အပြင် NUG ဝန်ကြီးတွေ အလှူငွေသုံးပြီး တတိယနိုင်ငံကြီးတွေမှာ မိသားစုလိုက်စည်းစိမ်ခံတာရပ်ပြီး ပြည်တွင်း ပြန်ဝင်ဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။
“ကျွန်တော်တို့အနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ – China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို Alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလို့တော့ မရတော့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို့လိုတယ်လို့ ပြောချင်ပါတယ်။ အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သတိချပ်ဖို့ လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို့ အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
လက်နက်မဲ့ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆေးရုံတွေ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ”လို့ အမည်တပ်ပြီး လူပေါင်း ၈၀၀၀ ကျောကို နောက်ကနေ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးရန်ပုံငွေအမည်တပ်လို့ ပါသမျှ ရှိသမျှ ရွှေငွေတွေ လုယက်ပြီး လေလံတင် ရောင်းချမှုကြောင့် နာမည်ပျက်နေရတဲ့ NUG နဲ့ PDF တွေအဖို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အပြောင်းအလဲနဲ့ NUG ဝန်ကြီးတွေရဲ့ အဂတိမှုတွေ၊ ထောက်ပို့တွေက ပြည်သူ့အလှူငွေ ရာခိုင်နှုန်းယူကြောင်းပေါ်ပေါက်မှုတွေ၊ “ပကဖ၊ ပလဖ နဲ့ ပအဖ”တွေရဲ့ မုဒိမ်း လူသတ် လုယက် ဆက်ကြေးကောက်မှုတွေကြောင့် ပြည်သူလူထုက တော်လှန်ရေးကို ယုံကြည်မှုပျက်ယွင်းလာတဲ့အခြေအနေကြောင့်လည်း NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လာမယ့်နှစ် ကြုံးဝါးသံနဲ့ပတ်သက်ပြီး “ စစ်ရေးကဏ္ဍဘက် အားစိုက်နေကြသလို နိုင်ငံရေး Process ဘက်မှာလည်း ခပ်စိပ်စိပ် ဆွေးနွေးလာကြတာ၊ ဦးစားပေးလာကြတာ တွေ့ရတာမို့ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ မိမိတို့အစိုးရရဲ့ မူလတာဝန်တွေ၊ စစ်ရေးဆိုင် ရာလှုပ်ရှားမှုတွေအပြင် တော်လှန်ရေး အရွေ့အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးကြတဲ့ကဏ္ဍ တွေနဲ့ ညှိနှိုင်းမှုလုပ်ဆောင်ကြရမယ့် ကဏ္ဍတွေ အတွက်လည်း အပြိုင်အားထည့်လုပ်ဆောင် ကြရမယ့်အချိန် ဖြစ်ပါတယ်။ ၂၀၂၅ ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးများအားလုံး တော်လှန်ရေးအရွေ့အတွက် ထိရောက်မှုရှိစေမယ့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင်ကြဖို့ ထပ်မံတိုက်တွန်းပြောကြားလိုပါတယ်” လို့ ပြောလာတာလည်း တွေ့ရပါတယ်။