◾ သဘောတူညီချက်မရမီ နာရီအနည်းငယ်အလိုတွင် အစ္စရေးက လက်ဘနွန်မြို့တော် ဘေရွတ်ကို တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံး
၂၇. ၁၁. ၂၀၂၄
Translared by Thettant
လက်ဘနွန်နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟဇ်ဘိုလာ အကြား အပစ်ရပ်ရေး သဘောတူညီချက် ရရှိပြီလို့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာလိုက်ပါတယ်။
ဒီသဘောညီချက်ဟာ ရန်လိုမှုတွေ အပြီးသတ်ချုပ်ငြိမ်းစေမယ်လို့ ဘိုင်ဒန်ပြောခဲ့သလို အပစ်အခတ်ရပ်စဲမှုက နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီက စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ဘနွန်နိုင်ငံအခြေပြု အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း ဟဇ်ဘိုလာတို့က တစ်နှစ်ကျော်ကြာ ဒုံးကျည်တွေနဲ့ အစ္စရေးနိုင်ငံတွင်းဆီ ပစ်ခတ် တိုက်ခိုက်နေမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက စလို့ လက်ဘနွန်နိုင်ငံထဲ ဝင်ရောက်ပြီး ဟဇ်ဘိုလာတို့ကို တိုက်ခိုက်မှု စတင်ခဲ့တာပါ။ လက်ရှိမှာ အပစ်ရပ်ရေးသဘောတူညီချက်ကို အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံ၊ ဟဇ်ဘိုလာတို့က လက်ခံခဲ့လို့ လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ ၁၄ လနီးပါးကြာ စစ်ပွဲတစ်ခု ရပ်တန့်သွားခဲ့ပါတယ်။
ဟစ်ဘိုလာတို့ကို ပြန်လည်ထိုးစစ်ဆင်တဲ့ ၂ လ နီးပါးအတွင်း အစ္စရေးတို့ဟာ ဟဇ်ဘိုလာ ခေါင်းဆောင်တချို့ကို ရှင်းလင်း ချေမှုန်းနိုင်ခဲ့ပေမယ့် ကလေးငယ် ၂၀၀ ကျော်အပါအဝင် လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၆၀၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။
သဘောတူညီချက်မရရှိခင် နိုဝင်ဘာ ၂၆ ရက်မှာ အစ္စရေးတို့က ဟဇ်ဘိုလာ ကြီးစိုးထားတဲ့ ဘေရွတ်မြို့လယ်နဲ့တောင်ပိုင်းကို နှစ်မိနစ်အတွင်း အကြိမ် ၂၀ ပစ်ခတ်တိုက်ခိုက်လို့ လူ ၂၅ ဦးသေဆုံးခဲ့ပါသေးတယ်။ ဒီသေဆုံးမှုမှာ ဘေရွတ်မြို့လယ်က ၁၀ ဦး၊ တောင်ပိုင်း ရှက်ကရာမှာ ၆ ဦး၊ တိုင်ရာတောင်ပိုင်းမှာ ၂ ဦး၊ ဗယ်ဗက်ဟာမယ်ဒေသမှာ ၆ ဦးနဲ့ ဟဒက်မှာ တစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးမှာ ဘယ်အချက်တွေပါတယ်ဆိုတာ အသေးစိတ်မသိရပေမဲ့ ဟဇ်ဘိုလာတို့ စည်းကမ်းချိုးဖောက်ရင် အစ္စရေးက ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုတဲ့အချက်ပါခဲ့သလို အပြည့်အဝနဲ့ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအဆင့်ထိ တက်လှမ်းသွားမှာပါ။ အပစ်အခတ်ချက်ချင်းရပ်ပြီး ရက်ပေါင်း ၆၀ အတွင်း အစ္စရေးတပ်တွေ ဆုတ်ခွာမှာဖြစ်သလို လက်ဘနွန်အစိုးရကလည်း နယ်မြေလုံခြုံရေးနဲ့ ဟဇ်ဘိုလာတို့က သဘောတူညီချက် မချိုးဖောက်ရေး လုပ်ဆောင်ရမှာပါ။
ဒါပေမဲ့လည်း ဒီ အပစ်ရပ်စဲမှုဟာ ဂါဇာက အစ္စလာမ္မအကြမ်းဖက် ဟားမတ်စ်တို့ကို အစ္စရေး တိုက်ခိုက်မှုတွေ အပေါ် သက်ရောက်မှု မရှိတာကြောင့် ဂါဇာမှာအပစ်ရပ်ရေးသဘောတူညီချက်ရလာဖို့ ကူညီပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။
လက်ရှိမှာတော့ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်တို့ကို အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းထိ လိုက်လံအမြစ်ဖြုတ်တိုက်ခိုက်နေလို့ လူပေါင်း ၄၄၀၀၀ ကျော် သေဆုံးထားပြီးဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref CNN & CBS