၂၆.၁၁.၂၀၂၄
Written by K Pyay Thein
သြဇာတိက္ကမကြီးမားတဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်နဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင် IBEC ဆရာတော်တို့ ဗာတီကန်နန်းတော်မှာ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေကို အထူးအလေးပေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ယခု နိုဝင်ဘာလ ၂၄ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေရဲ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက ငြိမ်းချမ်းရေးအကျိုးတော်ဆောင် IBEC ဆရာတော်လည်း ပါဝင်တက်ရောက်ခဲ့တာပါ။
အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေက ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စရပ်တွေ အပါအဝင် မြန်မာ နိုင်ငံငြိမ်းချမ်းရေးကိစ္စရပ်တွေကိုလည်း ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေရဲ့ဗာတီကန်နန်းတော်တွေ့ဆုံမှုမှာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကိုထိခိုက်စေနိုင်တဲ့ ရုရှား-ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခနဲ့ အင်ဒို-ပစိဖိတ်ဒေသတွေက ပထဝီနိုင်ငံရေးအားပြိုင်မှု၊မြောက်ကိုးရီးယားရဲ့ နျူးကလီးယားလက်နက်အရေးအစရှိတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးစိန်ခေါ်မှုများစွာအပြင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိနိုင်ရေးကိုပါ တစ်ပါတည်း ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ပုပ်ရဟန်းမင်း ကြီးဖရန့်စစ်နဲ့ တွေ့ဆုံမှုဟာ သမိုင်းဝင်မှတ်တမ်းဖြစ်ခဲ့ပါပြီ။ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေထဲက သြဇာတိက္ကမကြီးမားတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့က မလွယ်ကူပါဘူး”လို့ IBEC ဆရာတော်က မိန့်ကြားပါတယ်။
ယခုတွေ့ဆုံဆွေးနွေးပွဲအတွက် ဗုဒ္ဓဘာသာရဟန်းတော်အဖြစ် မြန်မာနိုင်ငံမှ IBEC ဆရာတော်ဘုရားကို Universal Peace Council က အထူးဖိတ်ကြားခဲ့ခြင်းဖြစ်တယ်လို့လည်း IBEC ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက သိရပါတယ်။