၂၆.၁၁.၂ဝ၂၄
Written by K Pyay Thein
သိန်းသောင်းချီခေါ်ဆိုရောင်းချမှုတွေရှိနေတဲ့ မြောက်ဒဂုံအိမ်ခြံမြေဈေးကွက်ဟာ အရောင်းအ၀ယ်တွေ ငြိမ်သက်နေသော် လည်း ဈေးနှုန်းပိုင်းမှာကျဆင်းလာခြင်းမျိုးမရှိဘူးလို့ အိမ်ခြံမြေလောကနဲ့ နီးစပ်သူတွေနဲ့ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
“အခုဈေးကွက်က ဘယ်လိုဖြစ်လဲဆိုတော့ အေးတယ်ပဲပြောရမယ်။ ဈေးတွေတအားခေါပြီးရောင်းနေပေမယ့် ဝယ်လက်က မရှိဘူး။ ပျောက်နေတယ်။ နောက်တစ်ခုက ဘာဖြစ်လဲဆိုတော့ အခုအစိုးရက ဝန်ထမ်းမြေကွက်စလစ်တွေကို ဂရန်ပြောင်းတာတွေ ချထားပေးတာတွေကို ရပ်ထားတယ်။ နောက် GP တို့ SP တို့လုပ်ရင် အခွန်ဆောင်ရတာတွေရှိလာတယ်။
အရင်လို လွယ်လွယ်နဲ့မရတော့ဘူး။ အစိုးရဆီမှာ အခွန်ဆောင်ပြီးမှရမယ်။ ဒါကမြေကွက်မှမဟုတ်ဘူး၊ တိုက်ခန်းတွေလည်းတူတူပါပဲ။ အခုကဈေးကစားမယ့်သူတွေက မြေကွက်တွေကို မဝယ်တော့ဘူး။ လက်ရှောင်နေကြတယ်။ ဝိတ်လျှော့ပြီး မဖြစ်မနေဝယ်ရမယ်ဆိုတဲ့သူတွေလောက်ပဲ ဝယ်ကြတော့တယ်။ မြောက်ဒဂုံအိမ်ခြံမြေဈေးကွက်က အခု
အဲ့လို အနေအထားဖြစ်နေတယ်”လို့ အိမ်ခြံမြေ အကျိုးဆောင်လောကနဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပြပါတယ်။
ယခုလက်ရှိကာလမှာ အိမ်ခြံမြေတွေကို ရောင်းဝယ်တာထက် ငှားရမ်းမှုတွေက အတော်လေးကိုများပြားနေပြီး အငှားဈေး ကွက်ကတော့ အလုပ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ဆောင်သူတွေက ပြောပါတယ်။
“အခုက အရောင်း၊ အဝယ်ထက် အငှားသွက်နေတယ်။ အငှားက အတော်လေးလိုက်နေတယ်။ မြောက်ဒဂုံ ၄၁၊ ၄၂ ရပ်ကွက်တွေထဲမှာဆိုရင် ငှားရမ်းမှုတွေက အတော်လေးရှိနေတယ်”လို့ သူက ဆက်ပြီးပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ မြောက်ဒဂုံမြို့နယ်အတွင်းက အိမ်ခြံမြေဈေးနှုန်းဟာ ကျန်ရှိနေသောမြို့နယ်တွေထက် ဈေးအလွန်မြင့်မားနေကာ အမြင့်ပိုင်းကိန်းဂဏန်းတွေနဲ့ အရောင်းအဝယ်ဖြစ်နေကြလို့ မြောက်ဒဂုံမြို့နယ်ကို Second ဝင်ဒါမီယာ၊ ရွှေတောင်ကြားရပ်ကွက်လို့တောင် တင်စားခေါ်ဝေါ်နေကြတာဖြစ်တယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
“မြေအရောင်းအဝယ်လောကမှာ အခုက ဘာဖြစ်လဲဆိုရင် ဘာမြေအမျိုးအစားပဲဖြစ်ဖြစ် ဂရန်မြေဆိုပြီး ပြောဆိုရောင်းချနေကြတာတွေ အများကြီးရှိနေတယ်။ ပြီးတော့မှ လယ်မြေတို့ ရွာမြေတို့ ဥယျာဉ်ခြံမြေတို့ဖြစ်နေတယ်။ ဒီလိုကိစ္စတွေလည်း မြေအရောင်းအဝယ်လောကမှာ အများကြီးဖြစ်နေတယ်။ ဒါကိုလည်းဂရုပြုသင့်ပါတယ်။ အခု ပြင်ဦးလွင်မှာဖြစ်နေကြတဲ့ ပြဿနာတွေကလည်း ဒါပဲလေ။ ယာမြေ၊ လယ်မြေတွေကို အကွက်ရိုက်ပြီးရောင်းကြတယ်။ မသိဘဲ ဝယ်ကြတော့ ဝယ်လက်တော်တော်များများထိသွားကြတာ ဒီလိုကိစ္စတွေပဲလေ။ အခုက လက်ကြီးဈေးကစားမယ့်သူတွေက မြေဆိုသိပ်မဝယ်ကြတော့ဘူး။ ရှောင်လာကြတာ တွေ့ရတယ်” လို့ အိမ်ခြံမြေ ဈေးကွက်နဲ့ နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
မြောက်ဒဂုံမြို့နယ်အတွင်းက အိမ်ခြံမြေဈေးနှုန်းဟာ အချက်အချာကျပြီး လမ်းမတန်းလူစည်ကားတဲ့နေရာဆိုပါက သိန်းနှစ်သောင်းကနေ သိန်းသုံးသောင်းအထိ ဈေးတွေရှိနေသလို အတွင်းရပ်ကွက်လမ်းတွေဆိုပါ အနိမ့်ဆုံးကျပ်သိန်းနှစ်ထောင်ကနေ ကျပ်သိန်း ၆၅ဝဝ၊ ကျပ်သိန်း ၈၅ဝဝ အထိဈေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – မြောက်ဒဂုံမြို့နယ်အတွင်းက ရပ်ကွက်အချို့ကို တွေ့ရစဉ်(Photo – CJ)