၂၆. ၁၁. ၂၀၂၄
Written by Nyein Kyaw
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၄၈၃ ဘီလျံခန့်ရှိပြီး ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံအထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၈ ဒသမ ၅၁၆ ဘီလျံအထိရှိပြီး သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၆ ဒသမ ၉၆၆ ဘီလျံသာရှိသောကြောင့် ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံကျော်ပိုခဲ့၍ ကုန်သွယ်ရေးပိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်အနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်ထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းတို့ကို အဓိကတင်ပို့ခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမနီ၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများသို့ ပို့ကုန်အဓိကတင်ပို့ခဲ့ခြင်းဖြစ်သည်။
သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့ကို အဓိကတင်သွင်းခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း၊ မီးရထားနှင့် မီးရထားပစ္စည်း၊ သံ၊ သံမဏိ ဆောက်လုပ်ရေးပစ္စည်း၊ ရေနံထွက်ပစ္စည်း၊ ဓာတုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ကုန်ကြမ်း၊ စက္ကူအမျိုးမျိုး၊ ဆေးဝါးပစ္စည်း စသည်တို့ကိုလည်း တင်သွင်းခဲ့ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အစတွင် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးလုပ်ငန်းများ အပေါင်းလက္ခဏာရှိခဲ့သော်လည်း နယ်စပ်ဒေသတွင် တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်ကို နေ့စဉ်သိရှိနေရသဖြင့် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး အလေးထားဆောင် ရွက်ရန် လိုအပ်နေသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄)၌ ပြောကြားထားသည်။