၂၆. ၁၁. ၂၀၂၄
Written by Nay Moe
ပဲခူးရိုးမပေါ် တပ်မတော်စစ်ကြောင်းထိုးချိန် တိုက်ပွဲဖြစ်ရာက ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ PDF တပ်ရင်းမှူး ဗိုလ်ကျီးဇိုးဟာ မနေ့က ကျည်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူ ကြိုးကြာနီ PDF တပ်ရင်းမှူးဟာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း တပ်ရင်းမှူးဖြစ်ပြီး နာမည်ရင်းက အောင်ဟိန်းဖြိုးဖြစ်ပေမဲ့ PDF တပ်ရင်းမှူးအဖြစ်တော့ ဗိုလ်ကျီးဇိုး အမည်ပေးထားသူဖြစ်ပါတယ်။
အောင်ဟိန်းဖြိုး (ခ)ဗိုလ်ကျီးဇိုးဟာ နိုဝင်ဘာလ ၂၅ ရက်က ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမတစ်နေရာမှာ ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗိုလ်ကျီးဇိုးအပြင် အခြား PDF နှစ်ဦးကိုလည်း တိုက်ပွဲအတွင်း အသေဖမ်းမိခဲ့တဲ့အပြင် သေနတ်သုံးလက်နဲ့ ကျည်အများအပြားကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တပ်မတော်စစ်ကြောင်းထိုး နယ်မြေရှင်းလင်းချိန် PDF တွေ ထွက်ပြေးခဲ့ကြလို့ သေဆုံးခဲ့တဲ့ PDF တပ်ရင်းမှူး ဗိုလ်ကျီးဇိုးရဲ့ အလောင်းကို ပြန်မရခဲ့ကြသလို တရားဝင် သတင်းထုတ်ပြန်မှုလည်းမရှိပေမဲ့ ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ကတော့ PDF ဗိုလ်ကျီးဇိုး သေဆုံးမှုအပေါ် ဝမ်းနည်းလွှာပေးပို့ထားသလို ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်ကလည်း လူမှုကွန်ရက် Page မှာ “မင့်တို့အကြွေး ဒီနေ့ကစပီးးဆပ်ရမယ်(သတ်ပုံမူရင်း)” လို့ ရေးသားထားတာ တွေ့ရပါတယ်။
ပုံစာ။ တိုက်ပွဲတွင်သေဆုံးသူ PDF တပ်ရင်းမှူး ဗိုလ်ကျီးဇိုး၊ ကြိုးကြာနီ PDF ဖော်ပြထားမှုနဲ့ သိမ်းမိလက်နက်ခဲယမ်းများ။