၂၆.၁၁.၂၀၂၄
Written By Thandar
မျက်ဝန်းပြာပြာလေးကြောင့် ပရိသတ်ချစ်ခင်မှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ “ကျားဖမ်းမယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ လျှို့ဝှက်ချက်တစ်မျိုးစီနဲ့ ကျားတွေဘယ်လိုဖမ်းမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာလို့ ဆိုပါတယ်။
“ကျားဖမ်းမယ်ဆိုတဲ့ ဇာတ်ကားလေးက မထွက်ခင်ကတည်းက စိတ်ဝင်စားကြတယ်။ မေလေးကိုယ်တိုင်က ဖက်ရှင်တွေကို ပြောင်းထားတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကလည်း အရမ်းကို ကိုယ်မလုပ်ဖူးသေးတဲ့ ဇာတ်ကောင်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် တော်တော်များများ ကြိုက်နှစ်သက်မယ် ထင်ပါတယ်။ ထူးခြားမှုလေးတွေရှိပါတယ်။ မေလေးတို့ ကျားဖမ်းမယ်ဆိုတဲ့ ဇာတ်ကားအတိုင်း တစ်ယောက်တစ်မျိုးစီ ဒီကျားကို ဘယ်လိုနည်းနဲ့ဖမ်းမလဲပေါ့။ တစ်ယောက်တစ်မျိုးစီနဲ့ ဇာတ်ကောင်တွေ မတူဘဲ ကျားတွေကို ဖမ်းကြတာပါ။ ကျားဖမ်းပုံခြင်း တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူး။ ဒါကလည်း စိတ်ဝင်စားရာကောင်းပါတယ်။ ဒီကားရဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့။ ဒီဇာတ်ကားမှာ ချစ်စရာကောင်းတဲ့ ကောင်မလေး Cute ပုံစံလေးနဲ့ မြင်ရမှာပါ” လို့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။
သူဟာ ဒါရိုက်တာ ဦးမိုးမင်း ရိုက်ကူးမယ့် “ကျားဖမ်းမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ စီနီယာသရုပ်ဆောင်တွေအပြင် ဂျူနီယာသရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇင်ဇင်ဇော်မြင့်ဟာ အနုပညာပိုင်းမှာ အောင်မြင်နေဆဲအချိန်မှာ လက်ထပ်သွားခဲ့ပြီး စီးပွားရေးအလုပ်တွေကိုပဲ လုပ်နေရာကနေ ၂၀၂၃ နှစ်တွေက အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ သူကတော့ Come Back အနေနဲ့ ပြန်ဝင်လာချိန်မှာ ဇာတ်ကား ၄ ကားကျော် ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။
“မေလေး ငယ်ငယ်တုန်းကဆိုရင် အသက် ၄၀ ကျော်ပြီဆိုရင် တော်တော်ကြီးတယ်လို့ ထင်ကြရတယ်။ ကိုယ်တိုင် အသက် ၄၀ လည်းကျော်ရော ကြီးတယ်လို့ကို မထင်တော့ဘူး။ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုလို့ပဲ သတ်မှတ်လိုက်တော့တယ်။ မေလေးဆိုရင် တော်တော်လေး ကိုယ်က Gym တွေဆော့ထားတာမို့လေ။ မေလေးတို့ကို နုတုန်း လှတုန်းလို့ ပြောကြတာ ရှိပေမယ့် ဒီရဲ့နောက်ကွယ်မှာ ကိုယ်ပေးဆပ်ရတာတွေ အများကြီးရှိတယ်လေ။ အသားအရည်တွေ ထိန်းသိမ်းထားတာမို့ ကိုယ်အသက်ကြီးသလို ဖြစ်မနေဘူးပေါ့”လို့ သူမက ဆက်ပြောပါတယ်။