၂၆-၁၁-၂ဝ၂၄
Written by K Pyay Thein
မြန်မာကို အလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ် (ILO) က လာမယ့်နှစ်မှာပြုလုပ်မယ့် သူတို့ရဲ့ ညီလာခံမှာဆက်ပြီး ဆွေးနွေးအတည်ပြုသွားဖို့ရှိနေတယ်လို့ သိရတဲ့အတွက် ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားထုဘက်က ထပ်မံကန့်ကွက်ထားတယ်လို့ မြန်မာ့အလုပ်သမားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
“Article 33 ကိစ္စက အခု ILO က သူတို့ဆွေးနွေးနေကြတယ်။ ဒါကိုကျင့်သုံးဖို့ရှိနေတယ်လို့လည်း ကြားတယ်။ ဒါကိုကျွန်တော်တို့ထပ်ပြီးတော့ ကန့်ကွက်ပါတယ်။ လာမယ့်နှစ်ဇွန်လမှာ သူတို့ရဲ့ ညီလာခံရှိတယ်။ အဲ့ဒီညီလာခံမှာ Article 33 ကို အတည်ပြုမယ်လို့လည်း ကြားနေရတယ်။ တစ်ခုရှိတာက ဇွန်လမတိုင်ခင်မှာ Article 33 ကို ILO က အတည်မပြုခင်မှာ မြန်မာ့နိုငံရေးအခင်းအကျင်းက အခြေအနေတစ်ခုပြောင်းသွားတာမျိုးဆိုရင်တော့ ဒီArticle 33 က သူ့အလိုလိုတော့ ပျောက်သွားနိုင်ပါတယ်။ တကယ်လို့ ILO ကသာ ဒါကိုအတည်ပြုကျင့်သုံးလိုက်ပြီဆိုရင်တော့ မြန်မာအလုပ်သမားထုတွေနဲ့ ဒီမှာရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေများစွာရှိလာနိုင်ပါတယ်”လို့ မြန်မာအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဇော်ဇော်အောင်က MT News ကို ပြောပြပါတယ်။
မြန်မာကို အလုံးစုံပိတ်ဆို့အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ ကန်ဘဲ့လမ်းမှာရှိတဲ့ ILO ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာတစ်စောင်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ပေးပို့ထားခဲ့ပေမယ့် ဒီကနေ့အထိ ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ ILO က အကြောင်းပြန်ကြားခဲ့တာမျိုးလည်းမရှိဘူးလို့ မြန်မာအလုပ် သမားကိုယ်စားလှယ်တွေက ဆိုပါတယ်။
“ILO ကိုစာပို့ပြီးထဲက ဘာမှထူးခြားလာတာတွေ မရှိသေးဘူး။ သူတို့ဘက်က တစ်စုံတစ်ရာအကြောင်းပြန်မလာဘူး”လို့ ဦးဇော်ဇော်အောင်က ဆက်ပြီး ပြောပါတယ်။
ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံအပေါ် Article 33 ကျင့်သုံးမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်လို့ မြန်မာအလုပ်သမားထုစစ်စစ်တွေဘက်က မလိုလားကြောင်းနဲ့ ဆန့်ကျင်ရှုတ်ချကြောင်း သတင်းစကားတွေပါဝင်တဲ့ကန့်ကွက်စာကိုလည်း မြန်မာအလုပ်သမား ၄၈ဝ ကျော်က လက်မှတ်ရေးထိုးထားပြီး ILO ကို ပေးပို့ထားပါတယ်။
ဒါ့အပြင် Article 33 နဲ့ ပတ်သက်လို့ ILO အနေနဲ့ မြန်မာပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကာကွယ်ပေးဖို့၊ အလုပ်သမားထုစစ်စစ်တွေရဲ့ အသံကိုနားထောင်ပေးဖို့နဲ့ Article 33 နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချရမယ့်ကိစ္စရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာ့အလုပ်သမားထုတွေဘက်က တောင်းဆိုထားကြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းအစရှိတဲ့ လက်ခစားလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားဉီးရေ ၅ သိန်းကနေ ၇ သိန်းခန့်အထိ အလုပ်လုပ်ကိုင်နေကြရတာလည်းဖြစ်ပါတယ်။
Photo – EU