၂၆. ၁၁. ၂၀၂၄
Translated by Tha Doe
အီဂျစ်နိုင်ငံရဲ့ ပင်လယ်နီကမ်းရိုးတန်းမှာ ကမ္ဘာလှည့်ခရီးသွား ၃၁ ဦးပါဝင်တဲ့ အပျော်စီး ဇိမ်ခံ ရွက်သင်္ဘော နစ်မြုပ်မှုကြောင့် လူ ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။
အီဂျစ်နိုင်ငံရဲ့ ကမ်းရိုးတန်းမြို့မာဆာအလမ်အနီးမှာ နစ်မြုပ်သွားတဲ့ Sea Story လို့ ခေါ်တဲ့ ဇိမ်ခံရွက်သင်္ဘောမှာ လူစုစုပေါင်း ၄၄ ဦးလိုက်ပါသွားတာဖြစ်ပြီး လူ ၂၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့နိုင်ငံခြားသား ၁၂ ဦး အပါအဝင် လူ ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။
မာဆာအလမ်မြို့အနီးမှာ တနင်္လာနေ့က နစ်မြုပ်ခဲ့တဲ့ Sea Story ဟာ လူမျိုးပေါင်းစုံ ခရီးသွား ၃၁ ဦးနဲ့ အမှုထမ်း ၁၃ ဦး အပါအဝင် လူပေါင်း ၄၄ ဦး တင်ဆောင်လာခဲ့တယ်လို့ ပင်လယ်နီစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ကယ်ဆယ်နိုင်ခဲ့တဲ့ လူ ၂၈ ဦးဟာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့လို့ ဆေးရုံတက် ကုသဖို့ မလိုအပ်ဘူးလို့လည်း သိရပါတယ်။
ပဏာမသတင်းတွေအရ သင်္ဘောဟာ ရုတ်တရက် လှိုင်းကြီးမှုတွေကို ကြုံတွေ့ခဲ့ရတာကြောင့် ငါးမိနစ်ကနေ ခုနစ်မိနစ်အတွင်း နစ်မြုပ်သွားခဲ့တယ်လို့ ပင်လယ်နီအုပ်ချုပ်ရေးမှူး Amr Hanafi က ပြောခဲ့ပါတယ်။
“ခရီးသည်တချို့ဟာ သူတို့ရဲ့အနားယူခန်းထဲမှာ ရှိနေတဲ့အတွက်ကြောင့် မလွတ်မြောက်နိုင်ခဲ့ဘူး” လို့လည်း Amr Hanafi က ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေထဲက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အီဂျစ်ရေတပ်နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပေမဲ့လည်း ရာသီဥတုအခြေအနေကြောင့် ညပိုင်းမှာ ရပ်တန့်ထားပါတယ်။
Sea Story ဟာ အီဂျစ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်ထားတာဖြစ်ပြီး အရှည် ၃၄ မီတာရှိတဲ့ ဒီဇိမ်ခံရွက်သင်္ဘောပေါ် အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ တရုတ်၊ ဖင်လန်၊ ဂျာမန်၊ အိုင်ယာလန်၊ ပိုလန်၊ စလိုဗက်ကီးယား၊ စပိန်နှင့် ဆွတ်ဇာလန် နိုင်ငံသားတွေ ရက်ရှည်ရေငုပ်အပန်းဖြေခရီးစဥ်အတွက် လိုက်ပါသွားခဲ့တာပါ။
သင်္ဘောဆီက အရေးပေါ်ခေါ်ဆိုမှုကို တနင်္လာနေ့ နံနက် ၅ နာရီ ၃၀ မိနစ် (၀၃း၃၀ ဂရင်းနစ်စံတော်ချိန်) မှာ ရရှိခဲ့သလို ဒီသင်္ဘောက မာဆာအလမ်မြို့ကနေ ဂါလစ်ဆိပ်ကမ်းဆီ ထွက်ခွာသွားတာဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်မှာ ပင်လယ်နီအပန်းဖြေစခန်း Hurghada Marina ဆီ ပြန်သွားဖို့ အစီအစဉ်ရှိတယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့ပါတယ်။
Ahram Online ၏ အဆိုအရ အီဂျစ်မိုးလေဝသအာဏာပိုင်အဖွဲ့ဟာ မြေထဲပင်လယ်နဲ့ ပင်လယ်နီမှာပင်လယ်ပြင်လှိုင်းထန်မှုကို ခန့်မှန်းထားပြီး တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ရေကြောင်းသွားလာမှုအားလုံးကို ဆိုင်းငံ့ထားဖို့ အကြံပြုထားသလို လှိုင်းအမြင့်က မြေထဲပင်လယ်မှာ ၄-၆ မီတာ (၁၃-၂၀ ပေ) နဲ့ ပင်လယ်နီမှာ ၃-၄ မီတာ (၁၀-၁၃ ပေ) ရှိမယ်လို့လည်း ခန့်မှန်းထားတာပါ။
ဒီလို ဆိုးရွားတဲ့ရာသီဥတုကြားမှာ Sea Story က ဘယ်လို ရွက်လွှင့်ခရီးထွက်ခွင့်ရရှိခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ပင်လယ်နီဟာ သန္တာကျောက်တန်းတွေနဲ့ အဏ္ဏဝါသက်ရှိတွေကြောင့် ကျော်ကြားတဲ့ ရေငုပ်ခရီးသွားနေရာတစ်ခုဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့အဓိက အဓိကသော့ချက်ဖြစ်ပေမဲ့ မတော်တဆမှုတွေ မကြာခဏကြုံခဲ့ရပြီး ၂၀၂၃ ခုနှစ်အတွင်းကလည်း မာဆာအလမ်ကမ်းလွန်မှာ မော်တော်ဘုတ်တစ်စီးမီးလောင်မှုမှာ ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ ဗြိတိန်ခရီးသွားသုံးဦး ပျောက်ဆုံးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ ခန့်ကို တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ မြေထဲပင်လယ်မှာ နစ်မြုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဖြစ်ရပ်က အီဂျစ်နိုင်ငံမှာ အဆိုးရွားဆုံး ပင်လယ်ဘေးအန္တရာယ်တစ်ခုအဖြစ် အီဂျစ်မှာ မှတ်တမ်းတင်ထားဆဲပါ။
Ref, Aljazeera & Reuters