◾ ကိုက်သည့်မြွေမှာ မန္တလေးအဆိပ်မှုတ်မွေဟောက်ဖြစ်ပြီး သေဆုံးသည့်ကျောင်းသူကို ယနေ့ ညနေ ၄ နာရီတွင် သင်္ဂြိုဟ်ခဲ့
၂၅.၁၁.၂၀၂၄
Written By Zun ၊ KL
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် ကျောက်စေတီဘုရားအနီးရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ၁၀ တန်းကျောင်းသူတစ်ဦး ဘိုထိုင်အိမ်သာခုံထဲမှ မြွေဟောက်ကိုက်သဖြင့် သေဆုံးခဲ့ကြောင်း Native Species Conservation and Identification in Myanmar ထံမှသိရသည်။
ယင်းဆယ်တန်းကျောင်းသူမှာ ပခုက္ကူမြို့ အမှတ်(၁) ရပ်ကွက် ကျောက်စေတီဘုရားအနီးနေထိုင်သူ အသက် ၁၇ နှစ်ခန့်အရွယ် မလင်းလင်းမြတ် ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က ကျူရှင်မှ နေအိမ်သို့ ပြန်အလာ အိမ်သာသွားစဉ် ဘိုထိုင်အိမ်သာ ကမုတ်အတွင်း ခိုအောင်းနေသည့် အဆိပ်ပြင်းမြွေဟောက်က ကိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြွေမှာ အဆိပ်ပြင်းရုံမက အဆိပ်ရည်ကိုပါ မှုတ်ထုတ်၊ ပန်းထုတ်နိုင်သော မန္တလေးအဆိပ်မှုတ်မြွေဟောက်ဖြစ်ပြီး သိပ္ပံအမည်မှာ Naja mandalayensis ဖြစ်ကာ အန္တရာယ်အလွန်များသော်လည်း ဆေးမမီလောက်အောင်ဆိုးဝါးသော မြွေမဟုတ်ဘဲ မြွေဆိပ်ဖြေဆေးလည်းရှိကြောင်း Native Species Conservation and Identification in Myanmar ထံမှ သိရသည်။
မြွေကိုက်ခံရသူကို ပခုက္ကူပြည်သူ့ဆေးရုံသို့ တင်ပို့ကာ မြွေဆိပ်ဖြေဆေး ထိုးနှံခဲ့သော်လည်း ည ၈ နာရီကျော်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
၁၀ တန်းကျောင်းသူအား ကိုက်သော မြွေကိုလည်း ည ၉ နာရီကျော်၌ ဖျက်ဆီးလိုက်သော အိမ်သာထဲမှ ပြန်လည်တွေ့ရှိသဖြင့် သတ်လိုက်ကြောင်း သိရသည်။
“အိမ်သာက တိုက်ထဲမှာပဲ မိလ္လာကျင်းက အပြင်နည်းနည်းထွက်နေတာ။ အဲ့ဒီကျင်းထဲကနေဝင်တာ ဖြစ်လောက်တယ် “ဟု ပခုက္ကူဒေသခံတစ်ဦးကပြောသည်။
အိမ်သာခွက်ထဲမှ မြွေက ပေါင်ခွကြားနား တစ်ဝိုက်ကို ကိုက်သဖြင့် ဆေးမီဖို့မလွယ်ဘဲ အဆိပ်ပြန့်လွယ်ကြောင်း မြွေနှင့်ပတ်သက်သည့် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
“ပခုက္ကူမှာရေကြီးတဲ့ ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်း မြွေတွေ အရမ်းအတွေ့များလာတာ။ မြွေဟောက်တွေ မြွေပွေးတွေချည်းပဲ။ တချို့နေရာတွေမှာဆို မြွေဟောက်ကို အသိုက်ကြီးနဲ့ တွေ့တာတွေရှိတယ်၊ အကောင်ပေါက်တွေက အစပေါ့။ မြွေအန္တရာယ်ကိုသတိထားရမယ့်သဘောပဲ၊ အိမ်သာထိုင်မယ်ဆို သေချာကြည့်ထိုင်ကြပါဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ပြောသည်။
သေဆုံးသူ ကျောင်းသူ၏ ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီအချိန်ခန့်က ပခုက္ကူမြို့ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။