◾ နှစ်နိုင်ငံအစိုးရချင်းဖြေရှင်းရမည်ဖြစ်၍ “ဝ”ဘက်က နိုင်ငံတော်ကို တင်ပြ
◾ “ဝ” ပြည် – တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းက စခန်း ၉ ခုကို ထိုင်းဖက်က ဖယ်ခိုင်းခဲ့ကြောင်း UWSA အတည်ပြု
၂၅. ၁၁. ၂၀၂၄
Written by Nay Moe
ထိုင်း – မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင် ခရိုင်အတွင်း နယ်စပ် စည်းမျဉ်းဘက်က “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ရဲ့ စစ်တပ်စခန်း (၇) ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်ခဲ့သလို ထိုင်းသတင်းဌာနတွေမှာလည်း ဒီနေ့နိုဝင်ဘာ ၂၅ ရက်စွဲနဲ့ ဖော်ပြလာပါတယ်။
Thai Enquirer အပါအဝင် ထိုင်းသတင်းဌာနတွေမှာတော့ UWSA အနေနဲ့ ထိုင်းနိုင်ငံက “ဝ” တောင်းဆိုချက်တွေကို ပယ်ချခဲ့ပြီး ဒီနယ်မြေတွေဟာ ထိုင်းနယ်မြေ မဟုတ်ဘဲ မြန်မာဘက်ခြမ်းက အချုပ်အခြာအာဏာကို ကာကွယ်ခြင်းသာ ဖြစ်တယ်လို့ဆိုကာ ပယ်ချခဲ့သလို UWSA တပ်မဟာ (၇၇၈) ကိုလည်း ထိုင်းစစ်တပ်ဘက်က တည်နေရာတွေ စုံစမ်းပြီး ကျူးကျော်လာရင် လက်တုံ့ပြန်ဖို့ ၊ UWSA ဘက်ကလည်း လက်နက်ကြီးတွေ ပြင်ဆင်ထားပြီး စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လာတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိုင်းစစ်တပ်ရဲ့ တတိယမြောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကလည်း ထိုင်းနယ်မြေအတွင်းက “ဝ”တပ်စခန်းတွေကို သိမ်းယူဖို့နဲ့ မြေပြင်တပ်တွေထောက်ပံ့ဖို့ အမြောက်တွေ ပြင်ဆင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး “ဝ”နယ်မြေက UWSA ရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Wa News Land မှာတော့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဦးညီရန်းက ထိုင်းသတင်းတွေမှာ ဖော်ပြနေသလို တပ်စခန်း ၇ ခုမဟုတ်ဘဲ ၉ ခုကို ဖယ်ခိုင်းတာဖြစ်ကြောင်းနဲ့ ဒီဖြစ်စဥ်က နိုင်ငံတော်အချင်းချင်းဆွေးနွေးရမှာဖြစ်လို့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းကို သတင်းပို့ထားပြီးပြီးလို့ ဖော်ပြထားပါတယ်။
“ဝ ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာအတွင်း တပ်စခန်း ၉ ခု ဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမဲ့ ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပို့ပြီးပါပြီ။ ထိုင်းဘက်က အင်အားတိုးတယ်လို့သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ” လို့ ဦးညီရန်းက ပြောထားပါတယ်။
အဲ့ဒီမတိုင်ခင် နိုဝင်ဘာ ၁၈ ရက်၊ ၁၉ ရက်ကလည်း UWSA ရဲ့ အရာရှိ ၆ ဦးနဲ့ ထိုင်းတော်ဝင်စစ်တပ် အရာရှိတွေဟာ ချင်းမိုင်မှာ လူကုန်ကူးမှု၊ တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပါအဝင် ထိုင်းနိုင်ငံရဲ့ နယ်မြေအပေါ် UWSA ရဲ့ ကျူးကျော်နေမှုကိုဖယ်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရသလို အခုလို နယ်မြေအငြင်းပွားမှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု အကြာလောက်တည်းက ရှိခဲ့တာဖြစ်ပြီး ထိုင်းဘက်က မကြာခဏ ဖယ်ရှားပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။
Ref , Thai Enquirer & Wa News Land