၂၅.၁၁.၂၀၂၄
Written By Zun
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းမှ သောင်ရင်းမြစ်ကိုဖြတ်ကူးထွက်ပြေးသူ ၃၉ ဦးကို ထိုင်းနိုင်ငံ တပ်မတော်လုံခြုံရေးပူးပေါင်းအဖွဲ့က ကယ်တင်လိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်က ထွက်ပြေးလာသူများ ဖြစ်သော သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊မလေးရှားနိုင်ငံသား တစ်ဦး၊ ရုရှားနိုင်ငံသား တစ်ဦးတို့ကို တာ့က်ခရိုင် အထူးတပ်ဖွဲ့ဝင်များ၊ မဲဆောက် ရဲစခန်းနှင့် မဲဆောက်ခရိုင် အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကယ်တင်ခဲ့ကြကြောင်း သိရသည်။
ထိုင်းတပ်မတော်က ယင်းထွက်ပြေးလာသူများအား တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်တောင်ကျေးရွာအနီးရှိ သောင်ရင်းမြစ်ကမ်းစပ်မှ သတင်းထောက်များနှင့်အတူ စောင့်ကြိုကယ်ထုတ်ပေးခဲ့ကြကြောင်းလည်း ဒေသတွင်း သတင်းများက ဖော်ပြထားကြသည်။
ယင်းတို့မှာ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်အတွင်း Online မှတစ်ဆင့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး လစာလည်း ကောင်းမည်ဆိုသောကြောင့် သွားရောက်ခဲ့ကြသူများ ဖြစ်ကြောင်း၊အလုပ်လုပ်မည့်နေရာသို့ရောက်သောအခါ မူလ ပြောဆိုထားသည့်အတိုင်း မဟုတ်ဘဲ ကျားဖြန့်အဖွဲ့၏ ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ယင်းတို့က သက်ဆိုင်သည့်နိုင်ငံအလိုက် သံရုံးများကို ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊သက်ဆိုင်ရာသံရုံးများကလည်း ထိုင်းနိုင်ငံ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကယ်တင်ရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံ တာဝန်ရှိသူများက ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ငံခြားသားများ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်ကူညီလျက် ရှိကြောင်း သိရသည်။
Sources- Matichon , today.line