MT News
ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၇ သိန်းခွဲဖြစ်နေသော်လည်း ဗဟိုဘဏ်ကမူ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆင်ဖြူတော်ပုံပါ အခေါက်ရွှေဒင်္ဂါးပြား တစ်ကျပ်သား ကျပ် ၂၅ သိန်းနှုန်းဖြင့် ရောင်းချပေးနေကြောင်း ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများ အသစ်သွန်းလောင်း၍ ဇန်နဝါရီ ၅ ရက်မှစကာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး)တွင် ယခင် ပုံစံဟောင်းရွှေဒင်္ဂါးများနှင့်အတူ ရောင်းချပေးနေသည်။
ထိုသို့ရောင်းချရာ ဇန်နဝါရီ ၅ ရက် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ရွှေတစ်ကျပ်သား ပေါက်ဈေးမှာ ၂,၅၀၀,၀၀၀ ကျပ်ဖြစ်ပြီး၊ တစ်ကျပ်သားရွှေဒင်္ဂါးတစ်ပြား၏ တန်ဖိုးမှာ ရွှေတစ်ကျပ်သားကျသင့်ငွေ ၂,၅၀၀,၀၀၀ ကျပ်၊ အလျော့တွက်လက်ခ ကျသင့်ငွေ ၈၀,၀၀၀ ကျပ်၊ စုစုပေါင်းကျသင့်ငွေ ၂,၅၈၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ငါးမူးသား ရွှေဒင်္ဂါး တစ်ပြားလျှင် ရွှေငါးမူးသား ကျသင့်ငွေ ၁,၂၅၀,၀၀၀ ကျပ်၊ အလျော့တွက်လက်ခ ကျသင့်ငွေကျပ် ၄၂,၀၀၀.၀၀ ကျပ် ၊ စုစုပေါင်း ၁,၂၉၂,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ တစ်မတ်သားရွှေဒင်္ဂါးတစ်ပြားလျှင် ရွှေတစ်မတ်သားကျသင့်ငွေ ၆၂၅,၀၀၀ ကျပ်၊ အလျော့တွက်လက်ခကျသင့်ငွေ ၂၂,၀၀၀ ကျပ်၊ စုစုပေါင်း ကျသင့်ငွေ ၆၄၇,၀၀၀ ကျပ် ဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ယနေ့ ဇန်နဝါရီ ၆ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ရွှေတစ်ကျပ်သားလျှင် ၂,၇၅၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးမြင့်တက်ခဲ့သည်။