၂၅.၁၁. ၂၀၂၄
Translated by Htwe Ko Tun
လစ်သူယေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် မြို့ လေဆိပ်အနီးတွင် နိုဝင်ဘာလ ၂၅ ရက် နံနက်၌ ကုန်တင်လေယာဉ်တစ်စီးက ပြေးလမ်းကြောင်းမှချော်၍ အိမ်တစ်လုံးအတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းတစ်ဦးအသက်ဆုံးရှုံး ခဲ့ကြောင်းသိရသည်။
ကုန်တင်လေယာဉ်ပေါ်တွင် ပါရှိသူ လေးဦးအနက် လေယာဉ်မှူးအပါအဝင် ကျန်သုံးဦးကိုမူ အသက်ရှင် လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် လေယာဉ်ပျက်ကျခဲ့သော အိမ်တွင် နေထိုင်သူ ၁၂ ဦး ကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့ကြသည်။
ကုန်တင်လေယာဉ်က ဂျာမနီနိုင်ငံ၊ လစ်ဇစ်မြို့မှပျံသန်းလာခြင်းဖြစ်ပြီး ဗီလ်နီးယပ်စ်မြို့လေဆိပ်သို့ အဆင်းတွင်ပြေးလမ်းကြောင်းမှ ကီလိုမီတာအနည်းငယ်အကွာသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ မီးသတ်အဖွဲ့အကြီးအကဲက လေယာဉ်က လမ်းချော်ပြီး အိမ်ထဲကို ထိုးဝင်မသွားခင် မြေပေါ်၌ မီတာရာနှင့် ချီ၍သွားခဲ့သေးကြောင်း ပြောခဲ့သည်။
လေယာဉ်ဝန်ထမ်းတစ်ဦးကိုမူ အသက်ရှင်လျက်မရှိတော့ဘဲ တွေ့ခဲ့ရကြောင်း၊ လေယာဉ် ထိုကဲ့သို့ လမ်းချော်မှုဖြစ်ရခြင်း၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများက သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။
ကယ်ဆယ်ရရှိသော လေယာဉ်ဝန်ထမ်းသုံးဦးအနက် နှစ်ဦးကို ဆေးရုံတင်ထားရကြောင်း၊ မြေပြင်တွင် ထိခိုက်ဒဏ်ရာရသူတစ်ဦးမျှ မရှိကြောင်းလည်း သိရသည်။ အဆိုပါဖြစ်ရပ်က ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဟုလည်း သတင်းများကဆိုသည်။
လမ်းချော်ပျက်ကျခဲ့သော ကုန်တင်လေယာဉ်က DHL ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီကို ကိုယ်စားပြု ကြောင်းလည်း သိရသည်။
Ref- CNN