၂၅.၁၁.၂၀၂၄
Written By Thandar
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် လူပုလေး@ချစ်ပု အသက် (၄၅)နှစ်ကတော့ ကျောက်ကပ်ရောဂါနဲ့ ဒီနေ့ မနက် ၇နာရီ ၁၀ မိနစ်က ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီး (ဂန္ဓီဆေးရုံကြီး) အထူးကြပ်မတ်ကုသဆောင်မှာ ကွန်လွန်ခဲ့ပါတယ်။
“ကိုကြီးက ကျောက်ကပ်ရောဂါဖြစ်နေတာ ကြာပါပြီ။ ခုမနက် ၇ နာရီ ၁၀ မိနစ်က ဂန္ဓီဆေးရုံမှာ ဆုံးသွားပါပြီ။ အသည်းအဆိပ်တက်တာပေါ့။ မနေ့က ဆရာဝန်ကြီးက ပြောတယ်။ သူ့အသည်းကမာသွားပြီ။ အလုပ်မလုပ်တော့ဘူး ပြောထဲက သိနေပါပြီ။ သူက အရက်ကို ကြိုက်လို့ သောက်ရာက ဖြစ်တာပါ။ အသည်းအဆိပ်တက်ပြီးကတည်းက သတိက ပြန်မလည်လာတာလေ။ အကိုက ပျော်ပျော်နေတတ်သူဆိုတော့လေ စိတ်ထဲလည်း တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ အမနဲ့ ညီမလေးတို့ကို ချစ်တယ်။ ညီမလေးကိုတော့ ပိုချစ်တာပေါ့” လို့ သရုပ်ဆောင် ချစ်ပုရဲ့ ညီမဖြစ်သူခိုင်မာဝင်းက MT Entertainment ကို ပြောပါတယ်။
သူ့ရဲ့ နာရေးဈာပနကိုတော့ လာမယ့် နိုဝင်ဘာ ၂၇ ရက်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ (၆၇)ရပ်ကွက် ရွှေတောင်၊ စိန်တောင်ဝန်းကနေ နံနက် ၁၁ နာရီမှာ ကားတွေ ထွက်ခွာမှာဖြစ်ပြီး နေ့လည် ၁ နာရီ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာလည်းဖြစ်ပါတယ်။