၂၅. ၁၁. ၂၀၂၄
Written by Nay Moe
လေကြောင်းတိုက်ခိုက်မှုများနှင့် MNDAA ခေါင်းဆောင်ဖုန်တာ့ရွှင် အပါအဝင် EAO ခေါင်းဆောင်အချို့ကို တရုတ်နိုင်ငံက ဖမ်းဆီးထားသည်ဟု ထပ်မံ လှုပ်ခတ်လာသော သတင်းများကြောင့် စစ်ရေးတင်းမာမှု ပဋိပက္ခများအပြီးသတ်ရန် ညှိနှိုင်းလိုကြောင်း TNLA က တောင်းဆိုစာကို ယနေ့ ထုတ်ပြန်လာသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစတင်ကာ မြန်မာအစိုးရက အကြမးဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသော MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တရုတ်နိုင်ငံက ဖမ်းဆီးထားကြောင်း သတင်းထွက်လာအပြီး တရုတ်နိုင်ငံဘက်က ဖုန်တာ့ရွှင်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း၊ ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ယမန်နေ့က စတင်ကာ AA လက်နက်ကိုင်ခေါင်းဆောင်အချို့ကိုလည်း ထိန်းသိမ်းထားသည်ဟု အတည်မပြုနိုင်သည့် သတင်းများဆင့်ကဲထွက်ပေါ်လာအပြီး ယနေ့တွင် TNLA က စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း သဘော ထားထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုကို နေ့စဥ်ရက်ဆက် ရင်ဆိုင်နေရသည့် TNLA ၏ ထုတ်ပြန်ချက်အရ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် လေကြောင်း စစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်း ကောင်း၊ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်။
ထို့အတူ မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)မှအပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလျက် ရှိကြောင်းနှင့် ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် မိမိတို့ တအာင်းဒေသအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာသည်မှာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ပြီး SAC ၏ တပ်ဖွဲ့ဝင်များ၊ တပ်စခန်းများ၊ စစ်ကြောင်းများကို ကင်းစင်အောင်ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့သော်လည်း လေကြောင်းဖြင့် ချေမှုန်းတိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာခံစားနေကြရကြောင်း၊ TNLA သည် စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် PSLF/TNLA မှ အမြဲတမ်းအဆင်သင့် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် အကြမ်းဖက်အဖြစ် သတ်မှတ်ထားသော MNDAA ၊ TNLA နှင့် AA တို့ အနေဖြင့် လက်ရှိကာလတွင် လုယက်သိမ်းယူထားသော နယ်မြေများ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသော်လည်း သိမ်းဆည်းနယ်မြေများ မစွန့်လွှတ်သေးသလို SAC ဥက္ကဋ္ဌကလည်း MNDAA ၊ TNLA နှင့် AA တို့က တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးသော ငြိမ်းချမ်းရေးသဘောတူညီချက်ကိုပါ ချိုးဖောက်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့၍ ၎င်းတို့က ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာ ဆွေးနွေးမည်ဟု တရုတ်ဝန်ကြီးချုပ်နှင့် မဟာမဲခေါင်ဆွေးနွေးပွဲ ခရီးစဥ်အတွင်း ပြောကြားခဲ့သလို တရုတ်ဝန်ကြီးချုပ် လီချန်ကလည်း တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံ၏အကျိုးပျက်စီးအောင် ဆောင်ရွက်နေမှုများ လက်သင့်ခံမည်မဟုတ်ကြောင်း၊ (KIA၊ MNDAA နှင့် TNLA တို့ လုယက်သိမ်းယူထားသော နယ်စပ်ဂိတ်များ) နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌကို ကတိပေး ပြောကြားခဲ့သည်။