၂၅.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အတ်တာပရာဒက်ရှ်ပြည်နယ်၊ ဆမ်ဘာလ်မြို့မှာရှိတဲ့ Jama Masjid ဗလီရှေ့မှာ လူတစ်စုက နိုဝင်ဘာလ ၂၄ ရက် မနက်ဖက်မှာ စုဝေးကြပြီး ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ စတင် ပစ်ခတ်အကြမ်းဖက်ကြတာမှာ ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်ဆန္ဒပြသူတွေကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရပြီး လူသုံးဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ဆုံးသတင်းတွေအရ ရဲတပ်ဖွဲ့ ဝင် ၂၀ ဦးအပါအဝင် ဒဏ်ရာရသူတွေလည်းအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့ထဲမှာ အကြမ်းဖက်သမားတွေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ရဲအရာရှိတစ်ဦး အပါအဝင် သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့လည်း သိရပါတယ်။ ရဲတပ်ဖွဲ့က အမျိုးသမီးနှစ်ဦးအပါအဝင် လူတစ်ဒါဇင်ခန့်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေက တရားရုံးက ဆုံးဖြတ်တဲ့အတိုင်း Jama Masjid ဗလီကို စစ်တမ်းကောက်ယူဖို့ လုပ်တာမှာဖြစ်ပွားခဲ့ရတာလို့ သိရပါတယ်။ တရားသူကြီး ဗစ်ရှ်နူးရှန်ကာဂျိန်းက အဆိုပါဗလီက မူလက ဟိန္ဒူဘုရားကျောင်းတစ်ခု တည်ရှိတဲ့နေရာလို့ ပြောကြားပြီး အခုလို စစ်တမ်းကောက်ယူစစ်ဆေးဖို့ အမိန့်ချခဲ့တာပါ။
စစ်တမ်းကောက်ယူစစ်ဆေးမှုကို တရားရုံးမဟာမင်းကြီး ရာမက်ရှ်ဆင်းရဲ့ အကြံပေးကြီးကြပ်မှုနဲ့ တခြားအရာရှိတွေရှေ့မှောက်မှာ နံနက် ၇ နာရီမှာ စတင်ပြုလုပ်ခဲ့ကြတာပါ။ အစောပိုင်းမှာ စစ်တမ်းကောက်ယူစစ်ဆေးမှုက ဘာမှပြဿနာမရှိဘဲ အေးချမ်းနေခဲ့ပေမယ့် နံနက် ၉ နာရီလောက်မှာ လူတစ်စုက ဗလီရှေ့မှာ စုဝေးလာကာ ကြွေးကြော်သံတွေ အော်ဟစ်ကြပြီး ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးတွေနဲ့ ပစ်ခတ်ကြရာကနေ အကြမ်းဖက်မှုစတင်ဖြစ်ပွားလာတာလို့လည်း သိရပါတယ်။
တိုင်းမင်းကြီး အန်ဂျန်အီရာဆင်းက “လူ ၂,၀၀၀ ကနေ ၃,၀၀၀ ကြားလောက်ရှိတဲ့လူစုဟာ ဗလီရှေ့မှာ စုဝေးလာပြီး လုံခြုံရေးစောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စတင်တိုက်ခိုက်လာတာပဲ။ သူတို့ကို လူစုကွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ အဓိကရုဏ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့သုံးတုတ်တွေနဲ့ကြိုးစားခဲ့ပေမယ့် လူစုက တိုက်ခိုက်မှုကို တိုးမြှင့်လာတဲ့အပြင် အနီးရှိအိမ်တွေကနေ ပစ်ခတ်မှုတွေလုပ်လာခဲ့တာပါ။ ဒီမှာ ရဲအရာရှိတွေလည်း ကျည်စေ့တွေ ထိမှန်ပြီး ဒဏ်ရာရခဲ့ကြတယ်”လို့ ပြောခဲ့ပါတယ်။
ဆင်းက “ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေလည်းပါတယ်။ သူတို့က ၁၂ နှစ်က ၁၅ နှစ် အရွယ်ထိ ကလေးတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်လာတာပဲ။ အကြမ်းဖက်ဆန္ဒပြသူအများစုက အသက် ၂၅ နှစ်လောက် ရှိကြမယ်။ သူတို့က ကားတွေကိုပါ မီးရှို့ဖျက်ဆီးလာတော့ အိမ်နီးချင်းခရိုင်တွေကပါ တပ်ဖွဲ့အကူအညီတွေတောင်းပြီး အခြေအနေကို ထိန်းချုပ်ခဲ့ရတာ”လို့ ဆက်လက်ပြောခဲ့ပါတယ်။
Ref- Times of India