၂၅.၁၁.၂၀၂၄
Written By Thandar
နေပြည်တော်မှာ လာမယ့် ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားမှာ အကယ်ဒမီဆု ဗန်းကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေ မနက်ဖြန်ကစ လျှောက်လွှာစတင် ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ လာမယ့်နှစ် အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် ရွှေကြိုမောင်နှံတွေ စတင်ပြီး လျှောက်လွှာတွေ လက်ခံနေပါပြီ။ လျှောက်တဲ့သူတွေက ဒီနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အသက် ၁၆ နှစ်ပြည့်ပြီးသူကနေ အသက်၂၅ နှစ် မကျော်လွန်သူတွေ လျှောက်နိုင်ပါတယ်။ လျှောက်လွှာကတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ အရည်အချင်းနဲ့ ကိုက်ညီသူတွေက လျှောက်ထားနိုင်ပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါလျှောက်လွှာမှာတော့ အိမ်ထောင်မရှိ အမျိုးသား/ အမျိုးသမီး လူပျို၊ အပျိုတွေက အမျိုးသမီးတွေအနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၂ လက်မကနေ ၅ ပေ ၈ လက်မ အတွင်းရှိသူ၊ အမျိုးသားအနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မကနေ ၆ ပေ အထိရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်သူဖြစ်ရမယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ ညနေ ၄ နာရီ မတိုင်ခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်၁၆ ဝင်္ကဘာလမ်းမှာ ထုတ်ယူရမှာဖြစ်ပါတယ်။
အရွေးချယ်ခံရတဲ့သူ ရွှေကြိုမောင်မယ်တွေအတွက် ရှေ့ဆက်မယ့် အနုပညာလုပ်ငန်း အစီအစဉ်တွေလည်း သီးခြားရှိတယ်လို့ သိရပါတယ်။