၂၅. ၁၁. ၂၀၂၄
Translated by Tha Doe
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရဲ့ အကြီးဆုံး စာရင်းဝင်ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အိမ်ခြေ ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသလို လူဦးရေ ၈၀၀၀ ကျော် အိုးအိမ်မဲ့ရပါတယ်။
မီးလောင်မှုဟာ အစ္စလာ ပြူတင် ဘာတိုလို့ခေါ်တဲ့ ကမ်းနားလမ်းပေါ်က လူဦးရေ ခြောက်သိန်းခွဲကျော်နေထိုင်တဲ့ ဆင်းရဲသားရပ်ကွက်ကြီးမှာ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ အကြီးအကျယ်မီးလောင်ခဲ့တာပါ။ ပျက်စီးဆုံးရှုံးမှု ပမာဏနဲ့ မီးလောင်မှုအကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် အရမ်း နီးနီးကပ်ကပ် တည်ဆောက်ထားတဲ့ တဲအိမ်လေးတွေ ရာပေါင်း တော်တော်များများကနေ ၁၀၀၀ နီးပါးလောက်ထိ ပျက်စီးခဲ့ပြီး မိသားစု ၂၀၀၀ လောက် အိုးအိမ်မဲ့ခဲ့ရတယ်လို့ မနီလာ မီးသတ်ဌာနက ပြောပါတယ်။
CCTV ခြေရာခံမှုတွေအရ တွန်ဒိုခရိုင်မှာရှိပြီး အချက်အခြာကျတဲ့ စီးပွားရေးဆိပ်ကမ်းတစ်ခုအနီး လူစည်ကားပြီး လူနေထူထပ်များပြားတဲ့ နေရာက ကျဥ်းမြောင်းတဲ့ လမ်းတွေမှာ အိမ်အသေးလေးတွေနဲ့ နေထိုင်ကြတဲ့ ကမ်းနားရပ်ကွက်ကနေ လိမ္မော်ရောင်မီးတောက်တွေကို ခြေရာခံနိုင်ခဲ့သလို Drone မှတ်တမ်းတွေအရလည်း မီးလောင်နေတဲ့ ကာလအတွင်း မည်းနက်တဲ့ မီးခိုးလုံးကြီးတွေနဲ့ မီးလောင်အပြီးမှာ ကျယ်ပြန့်တဲ့ မီးလောင်ပြင်ကြီးကို တွေ့မြင်ခဲ့ရပါတယ်။
မီးလောင်မှု စတင်တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် အိမ်တစ်လုံးရဲ့ ဒုတိယထပ်က အစပြုခဲ့တယ်လို့ မျက်မြင်တွေရဲ့ အဆိုကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြသလို အများစုသောမီးလောင်မှုတွေက ဟောင်းနွမ်းနေတဲ့ လျှပ်စစ်ဝါယာကြိုးတွေ၊ ဂက်စ်အိုးတွေနဲ့ ချက်ပြုတ်မှုတွေက စတင်ဖြစ်ပွားခဲ့တာလို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
မီးလောင်မှုမှာ ထိခိုက်သေဆုံးမှုတွေ ရှိသလား ဆိုတာကိုတော့ လက်ရှိ အချိန်ထိ သတင်းမရသေးသလို ဒေသတွင်းမီဒီယာတွေ ထုတ်ပြန်လာတဲ့ရုပ်ပုံတွေမှာလည်း လူအများအပြားဟာ လက်လုပ်ယာယီဖောင်လေးတွေနဲ့ ပင်လယ်ထဲ ထွက်ပြေးနေကြတာ၊ မီးသတ်ရဟတ်ယာဥ်နှစ်စင်းနဲ့လည်း ငြှိမ်းသတ်ခဲ့ရတဲ့အပြင် မြို့တော်က လူအများအပြားကလည်း မီးလောင်မှုဖြစ်စဥ်ကို အဝေးကနေ ကြည့်ရှုနေကြတာ တွေ့ရပါတယ်။
အသက် ၅၈ နှစ်အရွယ် အယ်ဒီရို ဗယ်ဒီမိုရို ဆိုတဲ့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးကြီးက “ကျွန်မတို့ စားဝတ်နေရေးအတွက် ဘာမှမရှိတော့ဘူး။ အိမ်လည်းမရှိတော့လို့ ဘယ်လိုရှာဖွေစားသောက်ရမယ်မသိတော့ဘူး။ အားလုံးကုန်သွားပြီ။ ခရစ္စမတ်ရောက်ကာနီးမှ အခြေအနေတွေ အရမ်းဆိုးကုန်ပြီ”လို့ ပြောခဲ့ပါတယ်။
မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ မနီလာမြို့သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီးမြို့တော်ဝန် မာရီယာရှီးလာ့ကလည်း မီးလောင်ပြင်ကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံအားပေးခဲ့သလို အစားအသောက်နဲ့ ယာယီအမိုးအကာတွေ ထောက်ပံ့ပေးရာနေရာတွေမှာ စာရင်းသွင်းနေထိုင်ဖို့ တိုက်တွန်းခဲ့ပြီး “မင်းတို့အားလုံးကို ငါတို့ ကူညီပါ့မယ်။ မျှော်လင့်ချက်တွေ မပျက်စီးပါစေနဲ့။ ခရစ္စမတ်ကာလ မတိုင်ခင် အချင်းချင်း ကူညီကြရအောင်။ မင်းတို့အိမ်ပြန်နိုင်ဖို့ ငါတို့တကယ်မျှော်လင့်ပါတယ်”လို့ အားပေးစကား ပြောကြားခဲ့ပါတယ်။
Ref, AFP & CNN