၂၅.၁၁.၂ဝ၂၄
Written by K Pyay Thein
စစ်ကိုင်းမြို့မှာ ယာယီနေရပ်စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်သူ လူဦးရေ ၅ဝဝဝ ကျော်အတွက် လူမှုကရုဏာအကူအညီတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းမှာရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ ရောက်ရှိခိုလှုံနေကြရတဲ့ ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့မှုနဲ့ အစားအစာမဟုတ်သောပစ္စည်း(Non Food Items-NFI)ထောက်ပံ့မှု အစီအစဥ်တွေကို ယခုနိုဝင်ဘာလအတွင်းမှာ စစ်ကိုင်းမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလိုထောက်ပံ့ရာမှာ ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ(၁)ဦးကို ထောက်ပံ့ငွေသား ကျပ် ၇၀,၀၀၀/နှုန်းနဲ့ လူဦးရေ (၅၁၃၉) ဦးအတွက် စုစုပေါင်း (၃၅၉,၇၃၀,၀၀၀) ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ကြတဲ့အိမ်ထောင်စု (၁၅၈၁)စု အတွက်လည်း စောင် (၁၅၈၁) ထည်၊ခြင်ထောင် (၁၅၈၁) လုံး၊ ဖျာ (၉၉၆) ချပ်၊ တာပေါ်လင်စ (၂၅၂၇) စ၊ ဆိုလာမီးအိမ် (၁၅၈၁) လုံး၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်းပုံး (၁၁) ပုံး၊ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာအားပေးကူညီတဲ့ ကစားစရာအိတ် (၁၉၆) အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်းထုပ် (၆၀) ထုပ်၊ သောက်ရေပုံး (ဂျယ်လီကန်) ၁၅၈၁ ပုံး၊ ဖိနပ် (၁၅၈၁) ရံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၁၉၈) ခုနဲ့ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၃၈၉) ခုတို့ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလိုထောက်ပံ့ပေးအပ်တာတွေအပြင် ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေအနေနဲ့ စစ်ကိုင်းမြို့က ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် သီလရှင်ကျောင်းတွေမှာ ရောက်ရှိနေကြတဲ့ ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေနဲ့ ကျေးရွာ/ ရပ်ကွက်တွေက ဆေးကုသဖို့အခက်အခဲရှိသူ လူဦးရေ (၃၀၀၀) နီးပါးကိုလည်း ရွေ့လျားကြက်ခြေနီဆေးကုသခန်းတွေကို ဖွင့်လှစ်ပြီး ကုသမှုပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ကြက် ခြေနီအသင်းက သတင်းထုတ်ပြန်ထားပါတယ်။
Photo – MRCS