၂၅.၁၁. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံသား အသက် ၂၆ နှစ်ရှိ လူငယ်တစ်ဦးဟာ စစ်မှုထမ်းခြင်းကနေ ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ပြီး ကိုယ်အလေးချိန်တွေ တိုးလာစေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် တရားစွဲအပြစ်ပေးခံခဲ့ရတယ်လို့ နိုဝင်ဘာလ ၂၄ ရက်ထုတ် Korea Herald သတင်းစာက ဖော်ပြခဲ့ပါတယ်။
အဆိုပါ ကိုရီးယားလူငယ်ကို စစ်မှုထမ်းဆောင်ရေး အက်ဥပဒေအရ ဆိုင်းငံ့ကာလနှစ်နှစ်နဲ့အတူ ထောင်ဒဏ်တစ်နှစ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုရီးယားနိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းစုဆောင်းခြင်းအတွက် ကိုယ်ကာယဆေး စစ်ဆေးမှုမပြုလုပ်ခင်မှာ ကိုရီးယားလူငယ်က နေ့စဉ် အစားအစာစားသုံးမှုကိုလည်း နှစ်ဆတိုးပြီး မဆန့်မပြဲ စားသုံးခဲ့တဲ့အပြင် ရေပမာဏကိုလည်း များစွာသောက်သုံးထားခဲ့တယ်လို့ တွေ့ရပါတယ်။
ဒီလူငယ်က၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကနဦးဆေးစစ်ဆေးချက်မှာ အဆင့် ၂ ရှိတယ်လို့ အကဲဖြတ်ခံခဲ့ရပြီး တိုက်ခိုက်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်ဖို့ အဆင့်မီပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက နောက်ဆုံးကိုယ်ကာယဆေး စစ်ဆေးမှုမှာတော့ ၁၆၉ စင်တီမီတာအရပ်မြင့်တဲ့သူက အလေးချိန် ၁၀၂ ဒသမ ၃ ကီလိုဂရမ်ရှိခဲ့ကာ ဆေးစစ်ဆေးချက် အဆင့် ၄ မှာပဲ ရှိခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထုထည်အညွှန်းကိန်းကလည်း ၃၅ ဒသမ ၈ ရှိခဲ့လို့ သူက အဝလွန်သူတစ်ဦးအဖြစ် သတ်မှတ်တာလည်း ခံခဲ့ရပါတယ်။
ဒီဆေးစစ်ဆေချက် အကဲဖြတ်မှုအရ သူက တိုက်ခိုက်ရေးတာဝန်မဟုတ်တဲ့ အိမ်ကနေ ကားနဲ့သွားလာနေနိုင်မယ့် အစိုးရအေဂျင်စီတစ်ခုမှာ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီလူငယ်က သူငယ်ချင်းတစ်ယောက်အကြံပေးချက်အရ ခန္ဓာကိုယ်အလေးချိန်တိုးစေနိုင်ဖို့ သီးခြားအစာစားသုံးမှုတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။ စစ်မှုထမ်းဆောင်ရေး အက်ဥပဒေအရ စစ်မှုထမ်းဆောင်မှုကို ရှောင်လွဲဖို့ သင့်တင့်မျှတတဲ့ အကြောင်းပြချက်မရှိဘဲ ရှောင်တိမ်းမှုပြုခဲ့ရင် ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ချနိုင်ပါတယ်။ တရားရုံးက သူ့ရဲ့သူငယ်ချင်းဖြစ်သူကိုလည်း ဥပဒေအရ စစ်မှုထမ်းဆောင်မှုကို ရှောင်လွဲဖို့ အားပေးမှုနဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ဆိုင်းငံ့ကာလ နှစ်နှစ်နဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူကတော့ တရားရုံးရဲ့စွဲချက်အပေါ် ငြင်းဆိုခဲ့ပြီး သူ့အနေနဲ့ ကာယကံရှင် လူငယ်အနေနဲ့ ဥပဒေအရ စစ်မှုထမ်းတာကို ဒီလိုရှောင်တိမ်းမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
သူတို့အနေနဲ့ အရင်ကလည်း ရာဇဝတ်မှုနဲ့ တရားစွဲခံရတာမျိုးတွေမရှိခဲ့လို့ သက်ညှာစွာစဉ်းစားခဲ့တယ်လို့ ခရိုင်တရားရုံးက ဆိုခဲ့ပါတယ်။ တရားခံလူငယ်ကလည်း သူ့အနေနဲ့ ခုလိုစစ်မှုထမ်းခြင်းက ရှောင်တိမ်းရအောင် လုပ်ဆောင်မိခဲ့တာကို ဝန်ခံခဲ့ပြီး စစ်မှုထမ်းဆောင်ဖို့ ရိုးသားစွာ ကတိပြုခဲ့တယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းတဲ့မည်သူမဆို အနည်းဆုံး ၁၈ လကြာ စစ်မှုထမ်းဆောင်ဖို့ ဥပဒေအရပြဌာန်းထားပါတယ်။
Ref- CNA