၂၅. ၁၁. ၂၀၂၄
Written by Nyein Kyaw
ပြည်တွင်း၌ လက်ကျန်ဆန် ပိုလျှံမှုအပြည့်အဝရှိခြင်း၊ နိုင်ငံတကာဆန်ဈေးနှုန်း ကျဆင်းနေခြင်းအပြင် ကောက်စောစပါးနှင့်ဆန်များလည်း ဆန်ဈေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်သောကြောင့် မကြာမီ ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလတွင် သင့်တင့်မျှတသောဈေးနှုန်းအစီအစဉ်ဖြင့် ရောင်းချပေးနေသော လက်လီဆိုင်များ၌ပင် ပြည်တွင်းအဓိကစားသုံးသည့် ပေါ်ဆန်းဆန် ဝယ်စားနိုင်မှု ရာခိုင်နှုန်း ၈၀ ကျော် ကျဆင်းလာခဲ့ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် မရောင်းချပေးနိုင်သည့် လက်လီဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်း ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၆၀,၀၀၀ ကျော်မြင့်တက်နေသလို အခြားဆန်အမျိုးအစားများလည်း မြင့်တက်နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆန်ဈေးနှုန်းမြင့်တက်နေမှု၊ ဆန်လက်ကျန်ရှိမှု၊ ဆန်ဈေးကွက်အခြေအနေများနှင့် ပတ်သက်ပြီး MT News သတင်းဌာနမှ ဆက်သွယ်မေးမြန်းမှုအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက “ပြည်တွင်းလက်ကျန်ဆန်ပိုလျှံမှု အပြည့်အဝရှိပြီး ကောက်စောစပါးတွေ၊ ဆန်တွေ စျေးကွက်အတွင်း စတင်ဝင်နေပြီဖြစ်တာရယ်၊ နိုင်ငံတကာဆန်စျေးတွေ ကျဆင်းနေတာရယ်၊ မကြာခင် စပါးတွေလှိုင်လှိုင်ပေါ်လာမှာတွေကြောင့် ပြည်တွင်းဆန်စျေးမှာလည်း ကျဆင်းလာနိုင်မှု ပိုများနေပါတယ်။ တောင်သူတွေ ဝယ်ယူသုံးစွဲနေရတဲ့ မျိုး၊ မြေဩဇာ၊ သွင်းအားစု စရိတ်စကတွေ လိုက်ပါကျဆင်းဖို့လည်း လိုအပ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
လက်ရှိတွင် ပြင်ပဆန်လက်လီဈေးကွက်အတွင်း ဆန်ရောင်းချရာ၌ ဆန်ဈေးနှုန်းများကို ဖော်ပြထားခြင်းမရှိဘဲ မှာယူသည့်အချိန်နှင့် နေ့ရက်ပေါ်မှာသာ မူတည်ပြီးဈေးနှုန်းများ ဖွင့်လှစ်နေခြင်းဖြစ်ကာ ဆန်ဈေးနှုန်းအား တသတ်မှတ်တည်း သတ်မှတ်ထားခြင်းမရှိဘဲ ရွှေရောင်းချမှုပုံစံကဲ့သို့ပင် ရောင်းချနေသလို ဈေးနှုန်းဖော်ပြကာ ရောင်းချနေသည့်ဆန်ဆိုင်များတွင်လည်း ရက်အလိုက် ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
စားသုံးသူရေးရာဦးစီးဌာနမှ ယခုနိုဝင်ဘာလအတွက် ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပတင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားများကို တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ မှ ၈၅,၀၀၀ ကြား သတ်မှတ်ခဲ့ပြီး ပြည်တွင်းစားသုံးသည့် အရည်အသွေးအသင့်အတင့်ရှိ ဆန်အမျိုးအစားများကို တစ်အိတ်လျှင် ကျပ် ၉၇,၀၀၀ သာ သတ်မှတ်ထားသည်။ ပြည်တွင်း စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၂၅,၀၀၀ မှ ၁၄၅,၀၀၀ ကြား သတ်မှတ်ထားသည်။
သို့သော်လည်း လက်ရှိတွင် ပြင်ပဆန်ဈေးကွက်တွင်မူ ပြည်တွင်းစားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းတစ်အိတ် အနည်းဆုံး ၁၈၀,၀၀၀ မှ ၂၁၀,၀၀၀ ကြားအထိ မြင့်တက်နေပြီး ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၆၀,၀၀၀ ကျော်ဈေးပိုများနေသလို ရေကြီးရေလျှံမှုသဘာဝဘေးဒဏ် ခံခဲ့ရချိန်မြင့်တက်ခဲ့သော ဈေးနှုန်းထက်ပင် ကျပ် ၂၀,၀၀၀ ကျော် ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။