MT News
၂၄. ၁၁. ၂၀၂၄
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် လာရောက်ပေးပို့ရာ နေပြည်တော်လေဆိပ်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov နှင့်ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦးတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
တိုင်ဖွန်းရာဂီ၏ သက်ရောက်မှုကြောင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ စုစုပေါင်းတန်ချိန် (၃၅) တန်ခန့်ပါဝင်ပြီး ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။