၂၄.၁၁.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ပုသိမ်လမ်းမကြီး စန္ဒယော်အပန်းဖြေစခန်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက သိရသည်။
သေဆုံးသူအမျိုးသားမှာ စန္ဒယော်အပန်းဖြေစခန်း၏ လုံခြုံရေးဝန်ထမ်း အသက် ၆၀ ကျော်အရွယ်အမျိုးသားဖြစ်ကြောင်း၊ ယင်းမှာ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီခွဲ ခန့်က ပျောက်ဆုံးသွားရာ ငါးမျှားကန်အတွင်း ရေနစ်သည်ဟု ယူဆရသဖြင့် ရေပြင်ရှာဖွေကူညီပေးရန် အကူအညီတောင်းခံသောကြောင့် လှိုင်သာယာလူနာတင်ယာဉ်ကွန်ရက် ညီနောင်များက ရေပြင်
ရှာဖွေကူညီမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ရှာဖွေရာ ရေ အနက် ၁၃ ပေခန့်တွင် အဆိုပါ လုံခြုံရေးဝန်ထမ်း၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“လုံခြုံရေးယူနီဖောင်းနဲ့တွေ့တာ။ သူက အသက် ၆၀ ကျော်လောက်ရှိမယ်။ မနေ့က(နိုဝင်ဘာလ ၂၃ ရက်) ညက ပျောက်သွားလို့လိုက်ရှာကြတာတဲ့။ သူ့ရဲ့ နားနေခန်းမှာ အရက်ပုလင်းတွေရှိတတေ။ သူကိုင်နေကြ ဓာတ်မီးလေးတွေ ရေကန်နားမှာ ကျိုးနေတာလည်းတွေ့တယ်။ အဲဒါကြောင့်မို့လို့ သူတို့အပန်းဖြေစခန်းက ရှာကြည့်သေးတယ်။မတွေ့လို့ ပရဟိတအဖွဲ့တွေကို ခေါ်တာ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့က သွားပြီးရှာတဲ့အခါ ဒီနေ့ ၁၂ နာရီလောက်က တွေ့ခဲ့တာ။ အလောင်းကိုလေ”ဟု ရှာဖွေရေးတွင် လိုက်ပါကူညီခဲ့သူက MT News ကို ပြောသည်။