၂၄.၁၁.၂၀၂၄
Written By Zun
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ပေါ်က ခုန်ချခဲ့သည့်လူငယ်အား အသက်ရှင်လျက် ပြန်တွေ့ခဲ့သော်လည်း ဒဏ်ရာများရရှိထားသောကြောင့် ဘားအံမြို့နယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက် ည ၁၀ နာရီခန့်အချိန်က ဇွဲကပင်တောင်ခြေ(ခလောက်နို့ရွာ)တွင် ဆိုင်ကယ်တစ်စီး၊ ဇွဲကပင်တောင်တက်လမ်းပေါ် ရွှေအင်တုံစခန်းအနီး ချောက်ကမ်းပါး၌ ဖုန်း၊ ဆိုင်ကယ်သော့၊ ဖိနပ်တစ်ရံတို့ကိုတွေ့ရှိရသော်လည်း လူမတွေ့ရသောကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့သားများက ရှာဖွေရေး စတင်ခဲ့ရာ ခုန်ချသူလူငယ်ကို ည ၁၁ နာရီကျော်အချိန်တွင် ဇွဲကပင်တောင်ခြေအနီး ဦးခေါင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း Myanmar Rescue Organization- Hpa An က သိရသည်။
အဆိုပါလူငယ်မှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး အသက် ၂၀ ခန့်အရွယ်ဖြစ်ကြောင်း၊ ဘားအံမြို့မှ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် အကြော်ကြော်နေသူဖြစ်ကြောင်း သိရသည်။
“သူကိုယ်တိုင်ပြောတာ။ ခုန်ချတာတဲ့။ ဒဏ်ရာကမများပါဘူး။ ခေါင်းမှာ ဒဏ်ရာရထားတယ်။ အခုကတော့ ဆေးကုသမှုခံယူနေတယ်။ ကျွန်တော်တို့ကတော့ သူ့ကိုဆေးရုံပို့ခဲ့တာပေါ့။ အကြော်ကြော်တာလုပ်တယ်တဲ့”ဟု Myanmar Rescue Organization- Hpa An သတင်း ပြန်ကြားရေးတာဝန်ရှိသူက MT News ကို ပြောသည်။
ယင်းလူငယ်သည် ရွှေအင်တုံစခန်းချောက်ကမ်းပါးအောက် ပေ ၁၀၀ ခန့်အနက်ရှိ ချောက်ထဲသို့ ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း၊ သတိပြန်ရလာချိန်တွင် တောင်ခြေသို့ ဆင်းလာရာ ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ခလောက်နို့ရွာဘက်တွင် ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo -Myanmar Rescue Organization- Hpa An