၂၄.၁၁. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) အဖွဲ့ နှင့် မာတစ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် မာတစ် ဒေသအနောက်ပိုင်းတွင် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
ဖြစ်စဥ်များ၌ ထရီပူရာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးရှိ မာတစ်မြို့တွင်နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့အပြင် အိန္ဒိယအာဏပိုင်များသည် မီဇိုရမ်ပြည်နယ်ရှိ Zamuang ကျေးရွာအနီးမှ ဖြတ်သန်းမောင်းနှင်သွားသော ကားတစ်စီးကို ထပ်မံတားဆီး ရပ်တန့်စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါဖမ်းဆီးရမိမှုနှစ်ခုအတွင်း မြန်မာနိုင်ငံ၊ ဖလမ်းမြို့တွင်နေထိုင်သူတစ်ဦးအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
အိန္ဒိယရဲတပ်ဖွဲ့က ” ဒီ ဖမ်းဆီးရမိမှုတွေဟာ ဒေသအတွင်းမှာ မူးယစ်မှောင်ခိုမှုတွေ လှုပ်ရှားမှုတိုးမြှင့်လုပ်ဆောင်နေတာကို ပြသလိုက်တာပါ။ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဒေသမှာ တရားမဝင် မူးယစ်ဆေးဝါးများ တင်သွင်းဖို့ ကြိုးပမ်းတာတွေကိုအစွမ်းကုန်တိုက်ဖျက်သွားမယ်”ဟုပြောသည်။
အိန္ဒိယအစိုးရသည် လက်ရှိအချိန်တွင် နယ်စပ်ဒေသ၌ တရားမဝင်လှုပ်ရှားမှုများ၊ မူးယစ်မှောင်ခိုတင်သွင်းပို့ဆောင်ခြင်းများကို တားဆီးနိုင်ရန် လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယနယ်စပ်ဒေသတစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း၊မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် အိန္ဒိယနယ်စပ်ဒေသမှ တစ်ဆင့် အိန္ဒိယပိုင်နက်အတွင်း သို့ နေရပ်စွန့်ခွာ သွားရောက်နေထိုင်ခြင်းများရှိနေကြောင်း သိရသည်။
REf Phuketnews