၂၄.၁၁. ၂၀၂၄
Written by Thettant
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယမန်နေ့ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဦးချင်းအမှတ်ပေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၆ ခု၊ အသင်းလိုက် ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM) ပိတ်ပွဲသို့ တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ ၊ Camp O Donnell ရှိ လက်နက်ငယ်ကျွမ်းကျင်မှုလေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် သေနတ်ပစ်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းအနေဖြင့် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက် အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြား ပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့်(၃) ရရှိခဲ့သည်။