◾ ဓားထိုးမှုကျူးလွန်သူမှာ ပျံလွန်သည့်ဘုန်းကြီး၏ သားမက်ဖြစ်
၂၄.၁၁.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်ညက ဖြစ်ပွားခဲ့သည့် ဓားထိုးမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်၍ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ တောရွာလေးကျေးရွာ၊ ပြည်သာယာလမ်းရှိနေအိမ်တွင် သမီးဖြစ်သူထံ ရောက်ရှိနေသော ဖခင် ဘုန်းကြီးက သားမက်ဖြစ်သူ၏ ဓားဖြင့် အထိုးခံရကာ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ညက လင်မယားရန်ဖြစ်တာကို ဘုန်းကြီးကဖြေသိမ့်တာလို့ ပြောတယ်။ ဘုန်းကြီးရဲ့ သမီးလင်မယား ရန်ဖြစ်တာ။ ဘုန်းကြီးက သမီးအိမ်ကို နေကောင်းကျန်းမာ သတင်းလာမေးတာ။ အဲဒီသားမက်က အရက်သမား၊ လင် မယား စကားများတာမျိုး အမြဲတမ်းလည်းရှိတယ်တဲ့။ ဘုန်းကြီးရောက်နေချိန်မှာ သားမက်ကအရက်မူးပြီး ရောက်လာတော့ မယားက သူ့အဖေ ဘုန်းကြီးရှိနေတော့ ဆင်ဆင်ခြင်ခြင်နေဖို့ ပြောတာလို့ ကြားတယ်။ အဲဒါနဲ့ တစ်ယောက်တစ်ခွန်းစကားများတာ။ အဲဒီမှာ ဘုန်းကြီးက ကြားက ဝင်ဖျန်ဖြေတာ ဓားနဲ့ထိုးပြီးထွက်ပြေးသွားပြီ။ ရဲတပ်ဖွဲ့ဘက်ကတော့ တရားလိုရဲ့ တိုင်တန်းမှုကြောင့် အမှုဖွင့်တာလုပ်မယ်။ အမှုဖွင့်ပြီးရင်တော့ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ပြင်းထန်ဒဏ်ရာရစေမှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ၊ ဒါမှ မဟုတ်ရင် ၃၂၆ နဲ့ အမှု ဖွင့်မယ်လို့ ယူဆရပါတယ်။ လောလောဆယ် သိရသလောက် ပေါ့”ဟု အဆိုပါ အသိုင်းအဝိုင်းနှင့် နီးစပ်သူက MT News ကို ပြောသည်။
အခင်းဖြစ်ရာနေရာသို့ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ ဓားဖြင့်ထိုးသွင်းခံထားရသည့် ဒဏ်ရာငါးချက်ဖြင့် သက်တော် ၆၉ နှစ်၊ ဝါတော် ၂၂ ဝါရှိ ဘုန်းတော်ကြီးဦးကဝိသရ လဲကျပျံလွန်နေကြောင်း သိရသည်။
ယင်းအပြင် ဓားဖြင့်ထိုး၍ထွက်ပြေးသွားသူ၏ ဇနီးလည်းဖြစ်၊ ပျံလွန်တော်မူသွားသော ဘုန်းကြီး၏ သမီးလည်း ဖြစ်သော အသက် ၄၂ နှစ်အရွယ် မတင်မေဦးတွင်လည်း ဓားဒဏ်ရာတစ်ချက်ဖြင့် နေအိမ်အတွင်း လဲကျနေကြောင်း သိရသည်။
ယင်း မတင်မေဦး၏ ပြောပြချက်အရ ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသည့် ၎င်း၏ ခင်ပွန်း အသက် ၄၂ နှစ်အရွယ် သန်းဆွေဦးက နေအိမ်သို့ သောက်စားမူးယစ်လာစဉ် လင်မယားရန်ဖြစ်ကြောင်း၊ ဖခင်ဘုန်းကြီးက ဝင်ရောက် ဖျန်ဖြေစဉ် သန်းဆွေဦးက ယောက္ခမဘုန်းကြီးနှင့် ဇနီးဖြစ်သူ မတင်မေဦးတို့အား ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးချက်ရယူထားကြောင်း၊ လက်ရှိတွင် မတင်မေဦးအား ဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။