၂၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်မြို့ရဲ့ မြို့လယ်ကောင်နေရာကို နိုဝင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်(ဂရင်းနစ်စံတော်ချိန် နံနက် ၀၂း၀၀ နာရီခန့်) မှာ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူလေးဦးသေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုမှာ ဘေရွတ်မြို့လယ်၊ လူနေထူထပ်တဲ့ ဘတ်စတာခရိုင်မှ အထပ် ရှစ်ထပ်ရှိ လူနေအဆောက်အအုံတစ်လုံးဟာလည်း ဒုံးကျည်ငါးလုံးထိမှန်ကာ လုံးဝပျက်စီးခဲ့ရတယ်လို့ လက်ဘနွန် သတင်းဌာနကပြောခဲ့ပါတယ်။
အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဘေရွတ်တစ်မြို့လုံးကို ပေါက်ကွဲမှုတွေနဲ့ တုန်လှုပ်ခဲ့ကြရတယ်လို့ သတင်းတွေကဆိုပါတယ်။ အစ္စရေးစစ်ဖက်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုအပေါ် တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှုမရှိခဲ့ပါဘူး။
အရေးပေါ်အသင်းတွေက လေကြောင်းတိုက်ခိုက်မှကြောင့် မီးတောင်ဝကလို မီးခိုးတွေတစ်လူလူထွက်နေတဲ့ ဘတ်စတာခရိုင်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပါတယ်။အပျက်အစီးများဖယ်ရှားရေးကိုလည်း ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
အခုအကြိမ်က ဘေရွတ်မြို့လယ်ကို ဒီအပတ်အတွင်း အစ္စရေးတို့ရဲ့ လေးကြိမ်မြောက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်တိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာအုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဖစ် သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းကလည်း အစ္စရေးတို့က ဘေရွတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ဟစ်ဇ်ဘိုလာအုပ်စုအဖွဲ့ဝင်အများအပြားကို သတ်ဖြတ်နိုင်ခဲ့ပါသေးတယ်။ ဒီထဲမှာ ဟစ်ဇ်ဘိုလာအုပ်စုခေါင်းဆောင် ဟတ်ဆန် နတ်စ်ရာလာတောင် ပါဝင်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က စက်တင်ဘာလမှာ ဟစ်ဇ်ဘိုလာတို့ကို အဓိက ထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့တာပါ။ အဲဒီမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုခဲ့ပြီး မြေပြင်တပ်တွေကတော့ လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်ခဲ့တာပါ။နိုင်ငံအတွင်း ဒုံးကျည်တွေနဲ့တစ်ပြိုင်ထဲ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တော့ တစ်ဖက်နဲ့တစ်ဖက် ရန်လိုမှုတွေ ပိုလို့ မြင့်တက်လာနေခဲ့ခြင်းပါ။
အစ္စရေးကလည်း ဒီလိုထိုးစစ်ဆင်ရတာက ဟစ်ဇ်ဘိုလာတို့ရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံမြောက်ပိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၆၀,၀၀၀ နေရပ်ပြန်နိုင်ရေးအတွက်လို့ ဆိုပါတယ်။
လက်ဘနွန်အစိုးရကလည်း ပဋိပက္ခအတွင်း လက်ဘနွန်ပြည်သူ ၃,၅၀၀ ကျော်သေဆုံးခဲ့ရပြီး လူတစ်သန်းလောက်စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
Ref-CNA