◾ တစ်ပတ်အတွင်း ဆင်နင်းခံရ၍ သေဆုံးသူ ၃ ဦး ထိ ရှိလာ
၂၃.၁၁.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းများဝင်ရောက်လာကာ တိုက်ခိုက်ခဲ့၍ နှစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခန့်အချိန်က တာခွကျေးရွာအုပ်စု၊ ဗမာကံကုန်းကျေးရွာအနီး ကွင်းပြင် ခြံစိုက်ခင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ဝင်လာကာတိုက်ခိုက်သည့်အတွက် ယင်းအနီးရှိ ခြံလုပ်ငန်း လုပ်ကိုင်နေသည့် မိသားစု နှစ်စုက ထွက်ပြေးကြရာ ဆင်နင်းခံရ၍ နေရာတွင် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေတင်ဖြစ်ပြီး ဒဏ်ရာရသူများမှာ အသက် ၃၅ နှစ်အရွယ် မနွယ်နွယ်အေး၊ အသက် ၂၅ နှစ်အရွယ် မောင်တင်ဝင်းလှိုင်၊ အသက် ၇ နှစ်အရွယ် မောင်ဇင်မင်းခန့်တို့ သုံးဦးဖြစ်ကြောင်း၊ ယင်းတို့တွင် ဝမ်းဗိုက်၊ ပေါင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြသောကြောင့် တိုက်ကြီးဆေးရုံသို့တင်ရာ ယင်းဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ပို့ဆောင်ကုသနေစဉ် ယနေ့ နိုဝင်ဘာလ ၂၃ရက်ရက် နံနက်ပိုင်းတွင် အသက် ၃၅ နှစ်အရွယ် မနွယ်နွယ်အေး ထပ်မံ သေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နံနက်ကလည်း လိမ္မော်ခြံကျေးရွာအုပ်စု ညောင်လေးပင်ကွင်း ၆၇/၂ ရှိ ကျွဲကောခြံအတွင်း ခြံစောင့်တဲကို တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးခဲ့သောကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်မခိုင်တွင် ဝမ်းဗိုက်ပေါက်ပြီး ခြေလက်များကျိုးကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သေးကြောင်း သိရ သည်။
ထို့အတွက် တစ်ပတ်အတွင်း တိုက်ကြီးမြို့နယ်ထဲ၌ တောဆင်ရိုင်း အနင်းခံရ၍ သေဆုံး သူ (၃) ဦး ထိရှိလာပြီး ပြင်းထန်ဒဏ်ရာရခဲ့သူ (၂)ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိုဖြစ်စဥ်များအပြင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းတွင် နေအိမ်အတွင်း ထမင်းစားနေသော အသက် ၇၄ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦးကိုလည်း စက်တင်ဘာလ ၈ ရက် ညပိုင်းက တောဆင်ရိုင်းတစ်ကောင်ဝင်လာကာ နှာမောင်းဖြင့် ရစ်ပတ်ကိုင်ပေါက်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သေးသည်။
တိုက်ကြီးမြို့ လူသန့်အင်းရွာ၊ ရှောက်ပင်ကတ်ရွာနှင့် ကျေးရွာအချို့တို့တွင်လည်း တောဆင်ရိုင်းများ မကြာ ခဏ ဝင်ရောက်၍ နေအိမ်များကို ဖျက်ဆီးနေသည့်အပြင် ဒေသခံများအသက် ဆုံးရှုံးမှုများ ဖြစ်နေသည့်အတွက် တောဆင်ရိုင်းများကို လာရောက်ခေါ်ဆောင်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သောသြဂုတ်လအတွင်း တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက်ရှိ လူသန့်အင်းလမ်းနှင့် ဂျီအီးမြရတနာလမ်းတွင် နေအိမ်စုစုပေါင်း ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။