၂၃.၁၁. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ ဆာမတ်ဆာခွန်ပြည်နယ် Mueang အရပ်ဒေသရှိ စက်ရုံအပြင်ဘက်တွင် မြန်မာအလုပ်သမား ၁၀၀ နီးပါး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်းသိရပြီး အဆိုပါ မြန်မာအလုပ်သမား ၁၀၀ နီးပါးသည် ပွဲစားဖြစ်သူ၏ လိမ်လည်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် စက်ရုံရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါမြန်မာအလုပ်သမားများသည် အလုပ်လုပ်ကိုင်ရမည့် အခွင့်အလမ်းများရရှိရန် ပွဲစားဖြစ်သူကို တစ်ဦးအတွက် ပွဲစားခအဖြစ် ဘတ် ၃၀၀၀ နှင့် ၇၀၀၀ ကြားပေးခဲ့ရကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် Mueang အရပ်ဒေသရှိ Ekachai လမ်းဘေးတွင်တည်ရှိနေသော Index Interfurn Company နှင့် Index Living Mall အဆောက်အဦအပြင်ဘက်တွင် ဆန္ဒပြနေသော မြန်မာနိုင်ငံသားအလုပ်သမားများကို တုံ့ပြန်ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် အဆိုပါကုမ္ပဏီ၏ လုံခြုံရေးဝန်ထမ်းထံ ချဉ်းကပ်ပြီး ၎င်းတို့၏အလုပ်အကိုင်အခွင့်အလမ်းရရှိမှု သတင်းကို မေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းချိန်အတွင်း ပွဲစားအမျိုးသမီးနှစ်ဦးနှင့်တွေ့ဆုံခဲ့ကြောင်း၊ ပွဲစားက အလုပ်အကိုင်အခွင့်အလမ်းကောင်းရလိုလျှင် ထိုင်း ဘတ်ငွေ ၃၀၀၀ နှင့် ၇၀၀၀ ကြားပေးရမည်ဟု တောင်းဆိုခဲ့ရာ အလုပ်သမားအချို့သည် တောင်းဆိုသည့် ပမာဏအတိုင်း အခကြေးငွေများပေးခဲ့ကြောင်း မြန်မာအလုပ်သမားများက ထွက်ဆိုခဲ့သည်။
ပွဲစားဖြစ်သူက အလုပ်သမားများကိုလည်း အလုပ်ဆင်းရမည့် ရက်ချိန်းများပေးခဲ့ကြောင်း၊ အလုပ်သမားများသည် ပွဲစားဖြစ်သူပြောဆိုသည့်အတိုင်း အလုပ်ဆင်းရမည့်ရက်ကိုသွားခဲ့သော်လည်း စိတ်ပျက်စရာအဖြစ်အပျက်များဖြင့်သာ တွေ့ကြုံခဲ့ရကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသည်အလုပ်သမားများကို ဝင်ရောက်ခွင့် ငြင်းဆန်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူထံအကြောင်းကြားချိန်တွင် အပြောင်းအလဲများရှိသွားကြောင်း ပြောဆိုခဲ့သည့်အတွက် ပေးထားသည့်ငွေများပြန်တောင်းချိန်တွင် အခက်အခဲပြဿနာများဖြစ်လာခဲ့ကြောင်း အလုပ်သမားများကပြောသည်။
Index Interfurn ကုမ္ပဏီ မန်နေဂျာသည် ဆန္ဒပြနေသော မြန်မာအလုပ်သမားနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး ၎င်းတို့ သည် အလုပ်သမားအသစ်များ ထပ်မံခေါ်ယူခြင်းမရှိကြောင်း၊ ထုတ်လုပ်မှုကျဆင်းနေခြင်းကြောင့်ဝန်ထမ်း ၁၀ ဦးဖြင့်သာ လည်ပတ်နေရကြောင်း ပြောသည်။
Ref: Thaiger