၂၃.၁၁.၂၀၂၄
Written By Zun
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေသည်ဆိုသော တိုက်ပွဲတွင် နာဂပြည်သူ့ကာကွယ်ရေးတပ်မတော် (NPDF) မှ အဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း NPDF က ထုတ်ပြန်ထားချက်အရ သိရသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၂၁ ရက်က ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာအနီး တပ်မတော်စစ်ကြောင်းများနှင့် KIA ၊ PDF၊ NPDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် NPDF နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်မှ စတင်၍ တပ်မတော်နှင့် ယင်းပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့ည တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ အသက် ၂၁ အရွယ် ထင်ရာစစ်နှင့် အသက် ၂၅ နှစ်အရွယ် ချိန်တော ဆိုသူတို့ ဖြစ်ကြပြီး လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့မှ ဖြစ်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တာမခန်တိုက်ပွဲတွင်လည်း NPDF မှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
PDF ၊ KIA ၊ NPDF ပူးပေါင်းအဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရွှေတွင်း၊ စိုင်းပန်ရွာအနီး တပ်မတော်စခန်းများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယင်းတို့က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် PDF ၊ KIA ၊ NPDF အဖွဲ့များ သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော်သတင်းရင်းမြစ်များအရ သိရသည်။