၂၃.၁၁. ၂၀၂၄
Written by Shwe Phyo
မလေးရှားတရားရုံးသည် ပီနန်မြို့တွင် ပြီးခဲ့သောသီတင်းပတ်အတွင်းဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုနှင့်ပတ်သက်ပြီး လူလေးဦးကို စွဲချက်တင်ခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦးပါဝင်ခဲ့ကြောင်း မလေးရှားအခြေစိုက်မီဒီယာများက ရေးသားဖော်ပြထားသည်။
မလေးရှားတရားရုံး၏ လက်ထောက်တရားသူကြီးဖြစ်သော မိုဟမ်မက် အရူလ်မက်ဆိုဘရီက စွဲချက်များကို မဖတ်ပြခင် မြန်မာနိုင်ငံသားနှစ်ဦးကိုယ်တိုင်က စွဲချက်များအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသားနှစ်ဦးအပြင် မလေးရှားနိုင်ငံသားနှစ်ဦးတို့သည် ပြီးခဲ့သောသီတင်းပတ်တွင် ပီနန်မြို့မှာ ဖြစ်ပွားခဲ့သော နိုင်ငံခြားသားနှစ်ဦး ပြန်ပေးဆွဲခံရမှု၌ ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ လုပ်ရပ်က ဥပဒေနှင့်မညီသောလုပ်ရပ်မျိုးဖြစ်ကြောင်း မလေးရှားတရားရုံးက ပြောသည်။
မြန်မာနိုင်ငံသားနှစ်ဦးနှင့် မလေးရှားနိုင်ငံသားနှစ်ဦးတို့သည် Telok Ayer Tawar အရပ်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နိုင်ငံခြားသားနှစ်ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မလေးရှားတရားရုံးသည် ပုဒ်မ ၃၅၆ အရ မြန်မာနိုင်ငံသားနှစ်ဦးအပါအဝင် လေးဦးကို စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်တို့သည် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။ မလေးရှားတရားရုံးသည် အဆိုပါပြန်ပေးဆွဲမှုနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံသားနှစ်ဦးကို ရင်းဂစ် ၅၀၀ဝ ဖြင့် အာမခံပေးခဲ့သော်လည်း မြန်မာနိုင်ငံသားနှစ်ဦးကို အာမခံပေးခဲ့ခြင်းမျိုးမရှိကြောင်း မလေးရှားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
မလေးရှားတရားရုံးက ပြန်ပေးဆွဲမှုအတွက် မြန်မာနိုင်ငံသားနှစ်ဦးအပါအဝင် လေးဦးကို လာမည့် ဒီဇင်ဘာ ၃ ရက်နေ့တွင်ထပ်မံ စစ်ဆေးပြီးအမိန့်ချမှတ်သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
Ref: nst