◾ လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုရပ်တန့်ပြီး ပြုပြင်ပြောင်းလဲဖို့လိုနေပြီဟု ငြိမ်းချမ်းရေးကိုလိုလားတဲ့ EAO ခေါင်းဆောင်တွေ သုံးသပ်
၂၃.၁၁.၂ဝ၂၄
Written by K Pyay Thein
ယခု နိုဝင်ဘာလအတွင်းမှာ နိုင်ငံရေးပါတီတွေနဲ့ EAO အဖွဲ့တွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာရေး ခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို့ သိရှိရပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ လက်နက် ကိုင်ပဋိပက္ခတွေကိုရပ်တန့်ကာ ပြုပြင်ပြောင်း လဲဖို့လည်းလိုနေပြီလို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ခေါင်းဆောင်အချို့က သုံးသပ်ပြောကြားလိုက်ပါတယ်။
“အိန္ဒိယကိုသွားခဲ့တဲ့ခရီးစဥ်မှာ ကျွန်မတို့က အိန္ဒိယကိုအုပ်စိုးနေတဲ့ ပုဂ္ဂိုလ်တွေက အိန္ဒိယကို ဘယ်လိုဖွဲ့စည်းခဲ့ကြလဲဆိုတာကို ကျွန်မတို့ လေးလေးနက်နက်လေ့လာခွင့်ရခဲ့တယ်။ အိန္ဒိယနိုင်ငံဖြစ်ပေါ်လာဖို့အတွက် မဟာရာဂျာအုပ်စိုးတဲ့နယ်မြေပေါင်းများစွာကို စည်းရုံးပြီးတော့မှ အိန္ဒိယဆိုတာမျိူးဖြစ်ပေါ်လာအောင် အိန္ဒိယခေါင်းဆောင်တွေက ကြိုးပမ်းခဲ့ကြတယ်။ အိန္ဒိယက ပုဂ္ဂိုလ်တွေဆိုရင် အဲ့မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့နေရတယ်။ လူမျိုးပေါင်း ၁၀၀၀ လောက်ရှိတယ်။ မြန်မာနိုင်ငံနဲ့ဆိုရင် အစပေါင်းများစွာပေါ့လေ။ အဲ့လိုရှိတဲ့နိုင်ငံမှာ ဘာသာပေါင်းမျိုးစုံရှိတယ်။ ဘာသာတွေထဲမှာဆိုရင်ဘာသာပေါင်း ၂၀၀ ကျော်လောက်ရှိတယ်။ အဲ့လို ဘာသာအယူဝါဒတွေ ကွဲပြားနေကြတဲ့တိုင်းပြည်မှာ လူပေါင်းသန်းထောင်ချီပြီးရှိနေတဲ့နိုင်ငံတစ်ခုအတွင်းမှာ ကောင်းကောင်းမွန်မွန်နဲ့ ထားနိုင်အောင်ကြိုးပမ်းနိုင်ခြင်းသည် နိုင်ငံကိုအုပ်စိုးတဲ့ပုဂ္ဂိုလ်တွေရဲ့အရည်အချင်းဖြစ်တယ်လို့ပဲ ဆိုချင်ပါတယ်။ ကျွန်မပြောချင်ပါတယ်”လို့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာရေး ခရီးစဉ်မှာပါဝင်ခဲ့သူတစ်ဦးက MT News ရဲ့မေး မြန်းမှုကို ဖြေကြားပေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းနိုင်ဖို့ ဆွေးနွေးပွဲလမ်းစဉ်ကိုပြန်သွားသင့်ပြီး မမှားသင့်တဲ့အရာတွေကိုလည်း ဆက်မမှားကြဖို့လိုတယ်လို့ ငြိမ်းချမ်းရေးကို လိုလားတဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ဆက်လက်ပြောကြားပါတယ်။
“မြန်မာနိုင်ငံမှာ အမျိုးမျိုးသောအခက်အခဲတွေ မှားယွင်းမှုတွေက ရှိနေကြတယ်။ နောက်ထပ် ဆက်မမှားသင့်တော့ပါဘူး။ ဆက်မမှားသင့်တော့ဘူးဆိုရင်၊ ဘာလုပ်ရမလဲဆိုရင်ဆွေးနွေးပွဲကိုအခြေခံပြီးတော့မှ ကျွန်မတို့စိတ်ရှည်ရှည်ထားပြီးတော့မှ အလုပ်လုပ်ရမှာဖြစ်တယ်။ ဒါလေးကိုပဲကျွန်မပြောချင်ပါတယ်။ အခု အိန္ဒိယဖက်ဒရယ်ခရီးစဉ်ကလည်း အကျိုးရလဒ်ကောင်းတွေ အများကြီးရခဲ့ပါတယ်”လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
အဲ့ဒီအိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာရေးခရီးစဉ်မှာ နိုင်ငံရေးပါတီ(၁၁)ပါတီမှ ကိုယ်စာ လှယ်တွေ NCA လက်မှတ်ရေးထိုးထားကြတဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၅)ဖွဲ့က ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု
ညှိနှုင်းရေးကော်မတီဝင်အချို့နဲ့အတူ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
“နိုင်ငံတော်မှာတာ၀န်ယူနေကြတဲ့ သူတွေအနေနဲ့ မြန်မာ့နိုင်ငံရေးအရတာ၀န်ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ကျွန်မရဲ့သုံးသပ်ချက်အရဆိုရင် ဒီနိုင်ငံကို မပြုပြင် မပြောင်းလဲလို့ မရတော့ဘူး။ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ပဲသုံးသပ်ပါတယ်”လို့ EAO အဖွဲ့ခေါင်းဆောင်တစ်ဦးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပုံစာ – အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာခရီးစဉ်မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့နဲ့ EAO ခေါင်းဆောင်အချို့ (Photo – CJ)