◾️ ယခင် ၂၀၂၃ ပြပွဲအပြီးတွင် တရုတ်ဘက်မှ အထည်ချုပ်အော်ဒါမှာယူမှု မြင့်တက်လာခဲ့ပြီး ယခုနှစ်တွင်မူ တက်ရောက်မည့် လုပ်ငန်းရှင်များအပေါ်မူတည်ပြီး ကွာခြားမည်ဟု သိရ
၂၃. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက်တိုင် ရန်ကုန်မြို့ရှိ Inya Lake Hotel, Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်မြို့ရှိ Time City ၌ ပြုလုပ်သည့် 2024 Myanmar International Textile and Machinery Fair ၏ Media Press Conference မှ သိရသည်။
အဆိုပါ ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသကြမည်ဖြစ်သည့်အပြင် Made in Myanmar ထုတ်ကုန်များဖြစ်သော အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသသွားမည်ဖြစ်သလို ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။
“မနှစ်ကပြပွဲပြီးတော့ တရုတ်ဘက်က အထည်ချုပ်အော်ဒါတွေ တက်လာတာရှိတယ်။ ဒီနှစ်ကတော့ သူတို့ဘက်က လာမယ့်သူတွေအပေါ်မှာ မူတည်တယ်။ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားတာလား။ Brand ကုမ္ပဏီတွေလာမှာလား။ Brand ကုမ္ပဏီတွေလာရင်တော့ အော်ဒါတက်လာနိုင်တာပေါ့။ ရင်းနှီးမြှုပ်နှံသူတွေ ပိုလာရင်တော့ ရင်းနှီး မြှုပ်နှံမှုအပိုင်းကို သက်ရောက်မှုရှိမှာပေါ့” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်ပအထည်ချုပ်လုပ်ငန်းရှင်များအသင်းများဖြစ်သော Korea Garment Association in Myanmar (KOGAM)၊ Hong Kong Myanmar Manufactures’ Association Limited (HKMMA) တို့မှလည်း ပြခန်းများပါဝင်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချပ်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလာအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။