

၂၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun
မြောက်ကိုရီးယားစစ်သည်တွေကို ယူကရိန်းနဲ့တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ စေလွှတ်ပေးဖို့အတွက် ရုရှားအစိုးရက မြောက်ကိုရီးယားကို လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေပို့ပေးခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရ လုံခြုံရေးဆိုင်ရာထိပ်တန်းအကြံပေးပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က နျူလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားဟာ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို ယူကရိန်းနဲ့တိုက်ဖို့ ရုရှားကို ကူညီပေးပို့ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပညာရှင်တွေက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ခေတ်မီနည်းပညာတွေရဖို့နဲ့ သူ့ရဲ့တပ်ဖွဲ့တွေကို စစ်ပွဲအတွေ့အကြုံလည်းရဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားရဲ့ အားနည်းချက်များစွာရှိနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အထောက်အကူ ဖြစ်ဖို့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ ကိရိယာတွေလည်း မြောက်ကိုရီးယားက ရခဲ့တယ်လို့ တောင်ကိုရီး ယားအစိုးရ လုံခြုံရေးဆိုင်ရာထိပ်တန်းအကြံပေးပုဂ္ဂိုလ် ရှင်ဝန်ဆစ်က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ထောက်လှမ်းရေးဂြိုဟ်တုတွေကနေ ရေငုပ်သင်္ဘောတွေထိ စစ်ဖက်နည်းပညာတွေအပြင် ရုရှားအစိုးရထံက လုံခြုံရေးအာမခံချက်တွေရဖို့လည်း ရည်ရွယ်ခဲ့တယ်လို့ တောင်ကိုရီးယားကျွမ်းကျင်ပညာရှင်တွေက ပြောကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဇွန်လအတွင်းက သူ့ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်နဲ့ မဟာဗျူဟာမိတ်ဖက်စစ်ရေးစာချုပ်တစ်ခုကိုလက်မှတ်ထိုးခဲ့ပါတယ်။ ဒီစာချုပ်အရ နှစ်နိုင်ငံစလုံးအနေနဲ့ တစ်နိုင်ငံအား ပြင်ပမှတိုက်ခိုက်လာလျှင် နှောင့်နှေးမှုမရှိအထောက်အကူပြုရမှာဖြစ်ပြီး အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကို နိုင်ငငံတကာအလယ်မှာဆန့်ကျင်ဖို့ ပူးပေါင်းဆောင်ရွက်ကြမှာလည်း ဖြစ်ပါတယ်။
တပ်ဖွဲ့ဝင်တွေပို့ပေးခဲ့တဲ့အတွက် မြောက်ကိုရီးယားက စစ်ပွဲနဲ့ကြုံနေရတဲ့ ရုရှားနိုင်ငံစီးပွားရေးကို လက်နက်တွေသာမက စစ်အင်အားအထောက်အပံ့၊ အလုပ်သမားတို့နဲ့ပါ ထောက်ပံ့သူဖြစ်လာပါတယ်။ ဒါက ရုရှားနဲ့ဆက်ဆံမှုမှာမြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ အစဉ်အလာအရ မဟာမိတ်ဖြစ်တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားအကြား အဓိကကုန်သွယ်ဖက်အဖြစ်ရှိနေတာကိုတောင် ကျော်လွန်လိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။
ရုရှားကလည်း မြောက်ကိုရီးယားကို ရေနံနဲ့ သဘာဝဓာတ်ငွေ့လို သူ့ရဲ့ကြွယ်ဝလှတဲ့ သဘာဝအရင်းအမြစ်ထွက်ကုန်တွေကို ထောက်ပံ့ပေးနိုင်တယ်လို့ အကဲခတ်တွေကယူဆကြပါတယ်။
Ref- CNA