၂၃. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။
SAC ဥက္ကဋ္ဌသည် ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြခဲ့သည်။
ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသီချင်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။