၆.၁.၂၀၂၃.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ အမ်းဟတ်စ်တက္ကသိုလ်တွင်တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်သည့် အသက် ၂၀ နှစ်ခန့်ရှိ ဆာရက်ဖေဆယ်လ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်တွင် နေထိုင်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းက ဇန်နဝါရီ ၅ ရက်တွင် ဆန္ဒပြခဲ့ကြသည်။
ဖေဆယ်လ်သည် အမေရိကန်ရှိ ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းမှ လူငယ်တစ်ဦးပင်ဖြစ်ပြီး မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်ချ်မြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
နယူးအင်္ဂလန်ပြည်နယ်၏ ဘင်္ဂလားဒေ့ရှ်အသင်းက ဆန္ဒပြပွဲကိုစုစည်းခဲ့ကာ ဇန်နဝါရီ ၅ ရက်တွင် ကမ်းဘရစ်ချ်မြို့၊ မြို့တော်ခန်းမ အဆောက်အအုံရှေ့တွင်စုဝေးပြီး ဖေဆယ်လ်ကို ရက်စက်စွာသတ်ဖြတ်ခဲ့မှုအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြသမားများက ဆာရက်ဖေဆယ်လ်ကို လူဖြူရဲအရာရှိများက လူမျိုးခွဲခြားရေးအမြင်ဖြင့် သတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အသင်းအနေဖြင့် ထိုကဲ့သို့ပြုလုပ်ခဲ့မှုကို မည်သည့်နည်းနှင့်မျှလက်မခံနိုင်ကြောင်း လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ အသင်းမှ အဖွဲ့ဝင်များက ကမ်းဘရစ်ချ်မြို့၊ မြို့တော်ဝန် ဆမ်ဘူးလ် ဆီဒီကွီနှင့်တွေ့ဆုံကာ ဖြေရှင်းချက်တောင်းခံသွားမည်ဟု သိရသည်။
ရဲတပ်ဖွဲ့ကပြောကြားရာတွင် မြို့နေပြည်သူတစ်ဦးက အချင်းဖြစ်ပွားသည့်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လူတစ်ဦးက တိုက်တန်းလျားတစ်ခုမှ တောခုတ်ဓားဟုယူဆရသော အရာတစ်ခုနှင့်အတူ ခုန်ချရန်ကြိုးစားနေကြောင်း ဖုန်းဆက်ခဲ့သည်ဟုဆိုသည်။ ထို့နောက်တွင်မူ ထိုသူက ၎င်း၏လည်ပင်းကို ဓားနှင့်လှီးကာ ပြတင်းပေါက်မှခုန်ချခဲ့သည်ဟု CBS ရုပ်သံသတင်းများက ဖော်ပြခဲ့သည်။
ထိုလူမှာ ဆာရက်ဖေဆယ်လ်ဖြစ်ကာ ရဲအရာရှိများက သွေးများကျနေသော၎င်းအား ထိန်းချုပ်နိုင်ရန် နှုတ်အားဖြင့်သာကြိုးစားခဲ့ကြောင်း၊ ၎င်း၏ လက်ထဲမှ ဓားကိုချထားရန်ပြောကြားခဲ့ကြောင်း၊ နောက်ဆုံးရဲအရာရှိများထံ ဦးတည်လာချိန်တွင် ထိုသူအား ခြောက်လှန့်တားဆီးမှုပြုရန် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref-Dakha Tribune