ဖြိုးဝေ
၂၂. ၁၁. ၂၀၂၄
မကြာခင် တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် ဇရာအိုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကမ္ဘာက ထိတ်လန့်နေတဲ့ တတိယကမ္ဘာစစ်ဆီ ဦးတည်ပြီး အမေရိကန်လက်နက်ကုမ္ပဏီတွေ အကျိုးအမြတ်များစေမယ့် လုပ်ရပ်အဖြစ် ယူကရိန်းနိုင်ငံကို ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို ရုရှားနိုင်ငံအတွင်းဆီ ပစ်ခတ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ နျုုကလီးယားစစ်ပွဲကို ဦးတည်စေတဲ့ ပစ်ခတ်မှုလို့ ရှုမြင်ခံရတဲ့ ဒီ တာဝေးပစ်ဒုံးပစ်ခတ်မှုကို ယူကရိန်းကလည်း ခွင့်ပြုချက်ရအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၉ ရက်မှာ ရုရှားနိုင်ငံက ခဲယမ်းလက်နက်အဆောက်အအုံတစ်ခုဆီ ဦးတည်တိုက်ခိုက်လိုက်သလို ဗြိတိန်ကလည်း Storm Shadow ဒုံးတွေနဲ့ ပစ်ခတ်ခိုင်း၊ ရုရှားကလည်း နျူထိပ်ဖူးပါတပ်ပစ်နိုင်တဲ့ ICBM ဒုံးတွေနဲ့ သတိပေးပစ်ခတ်လိုက်ပြီဖြစ်လို့ ဒီဖြစ်စဥ်တွေက တတိယကမ္ဘာစစ်ဦးတည်မလား စောင့်ကြည့်ချင်စရာ ရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံကလည်း ကုလသမဂ္ဂမှာ ထုံးစံအတိုင်း အပြစ်တင်ခံရမှုတွေ၊ မလေးရှားအစိုးရကလည်း အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောလာတာကို တွေ့ရပြန်ပါသေးတယ်။
ထူးထူးကဲကဲဖြစ်စဉ်အဖြစ်လည်း အင်ဒိုနီးရှားနဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံပြီး နှစ်နိုင်ငံသဘောတူညီထုတ်ပြန်ရာမှာ လက်ရှိ SAC အစိုးရအနေနဲ့ အားလုံးပါဝင်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်တာ၊ အခြားတစ်ဖက်မှာ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA ၊ AA နဲ့ သူ့ရဲ့မဟာမိတ်တွေက ဖော်ဆောင်ခဲ့တဲ့စစ်ဆင်ရေး ၁၀၂၇ အလွန်မှာ နိုင်ငံအနှံ့ အရပ်သား ၄၅၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ ISP Myanmar က ဖော်ပြလာတာ၊ အနာဂတ်စစ်ရေးချုပ်လို့ အမည်ပေးခံရတဲ့ ကရင်နီတပ်မတော်က ဒုတိယဗိုလ်မှူးကြီး မယ့်ရယ်နဲ့ အခြား နှစ်ဦး တောင်ကတုံးတိုက်ပွဲမှာ သေဆုံးသွားတာ၊ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအတွင်း PDF တွေက ပြည်သူ့နေအိမ်ဖောက်ထွင်းပြီး ရွှေငွေခိုးယူခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ဝန်ခံချက်ထုတ်လာပြီး ကျုးလွန်တဲ့ PDF တစ်ဦးကို ထုတ်ပယ်လိုက်တာ၊ ထိုင်းစစ်တပ်က မြန်မာနိုင်ငံသားတစ်ဦးကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြောလာတာ၊ လက်နက်မဲ့ အနုပညာရှင် ရန်အောင့်နေအိမ်ကို NUG နဲ့ PDF မထောက်ခံမှုနဲ့ Dark Shadow PDF အဖွဲ့ ဗုံးခွဲလိုက်တာက စစ်သည်တွေ လိုက်နာရမဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်တဲ့အကြောင်းအပြင် မုံရွာမြို့က န၀ရတ်ရွှေဆိုင်ကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တွေ ဓားပြတိုက်ပြီး NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဓားပြတိုက်တဲ့ PDF တွေကို ဖမ်းလိုက်ပေမဲ့ ဓားပြတိုက်ခံရတဲ့ စိန်ထည်ရွှေထည်တွေကို တစ်လကျော်တဲ့အထိ ပြန်မပေးတာ စတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့မြေပေါ်မှာ အမေရိကန်နိုင်ငံသားတွေဟာ AIF ဆိုတဲ့ တပ်ဖွဲ့ ဖွဲ့စည်းလက်နက်ကိုင်မှုအကြောင်း၊ တစ်ကျော့ပြန်သမ္မတ ထရမ့်ပ်လက်ထက်မှာ Burma Act ဘာဆက်ဖြစ်လာမလဲဆိုတဲ့ ထင်မြင်မှုတွေနဲ့ MNDAA စစ်ဦးစီးချုပ် ဖုန်တာ့ရွှင်ကို တရုတ်နိုင်ငံ ဖမ်း မဖမ်းဆိုတဲ့ဖြစ်စဉ်တွေကို သုံးသပ်ချင်မိပါတယ်။
◾ မြန်မာ့အချုပ်အခြာအာဏာထိပါးတဲ့ အမေရိကန်ရဲ့ AIF
မြန်မာနိုင်ငံမှာ အမေရိကန်အပါအဝင် အနောက်အုပ်စုထောက်ပံ့ငွေနဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ Free Burma Ranger အဖွဲ့လိုမျိုးပဲ အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေက ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး(Anti-Fascist International Front—AIF) အဖွဲ့ ဖွဲ့ပြီး သူပုန်တွေဘက်က ပါဝင်ကာ မြန်မာအစိုးရကို တိုက်ခိုက်နေတယ်လို့ Telegraph သတင်းဌာနကြီးက AIF တည်ထောင်တဲ့ အမေရိကန်နိုင်ငံသား အာဇတ်ပြောဆိုမှုအပေါ် အခြေခံ ဖော်ထုတ်ရေးသားလိုက်ချိန်မှာပဲ မြန်မာနိုင်ငံအတွင်းကို ဒီလိုမျိုး အမေရိကန်ကျောထောက်နောက်ခံ လက်နက်ကိုင်တွေဟာ NUG ၊ PDF ၊ EAOs တွေဘက်က ဝင်တိုက်ပေးနေတာက မြန်မာ့အချုပ်အခြာအာဏာကို ထိပါးမှုဟုတ် မဟုတ် စဉ်းစားတွေးဆစရာဖြစ်လာပါတယ်။
ပြည်တွင်းစစ် နှစ် ၈၀ လောက်ဖြစ်နေတဲ့ နိုင်ငံတစ်ခုမှာ လူထုရွေးကောက်တဲ့အစိုးရတွေအပါအဝင် စဉ်ဆက်မပြတ် အစိုးရတွေ ထွက်ပေါ်နေသလို နိုင်ငံတစ်နိုင်ငံဆီက တရားဝင်အစိုးရခွင့်ပြုချက်မပါဘဲ အမေရိကန်ကျောထောက်နောက်ခံ လက်နက်ကိုင်တွေက FBR နဲ့ AIF လို အဖွဲ့ဖွဲ့ပြီး မြန်မာ့မြေပေါ်မှာ သူတို့အကျိုးစီးပွားအတွက် မျောက်ပြဆန်တောင်းသလိုမျိုး မြန်မာပြည်မငြိမ်းချမ်းတာ အကြောင်းပြုပြီး နိုင်ငံခြားတပ်ဖွဲ့အခြေစိုက်တာ၊ လက်နက်ကိုင်တပ်တွေ လက်ခံထားတာလည်း တပ်မတော်ကို တိုက်ခိုက်နေကြတဲ့ဘက်မှာ ရှိနေပါတယ်။ ဒီလို အချုပ်အခြာ အာဏာထိပါးစေတဲ့ လက်နက်ကိုင်တွေကို လက်ခံထားတဲ့ NUG နဲ့ EAOs တွေရဲ့ နိုင်ငံ့အပေါ် သစ္စာစောင့်သိမှုက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီမေးခွန်းထဲ ချင်းပြည်နယ်ကို ရခိုင်လက်နက်ကိုင် AA ခေါ်သွင်းမိတာကြောင့် ချင်းပြည်သူတွေရဲ့ လွတ်လပ်စွာရှင်သန်နေထိုင်ခွင့်ကို AA က ကျောင်းသူပါမချန် မုဒိမ်းကျင့် ထိန်းချုပ်လိုက်တယ်ဆိုတဲ့ GKO ထုတ်ပြန်ချက်အတိုင်း FBR တို့ AIF တို့ ဆက်ဖြစ်လာရင် NUG ၊ PDF နဲ့ EAOs တွေက ဘယ်လို လုပ်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာလည်း ရှိလာပြန်ပါတယ်။
အခြားတစ်ဖက်မှာလည်း လတ်တလော သတင်းထွက်ပေါ်လာနေတဲ့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေ လုံခြုံရေးပူးပေါင်းဆောင်ရွက်မယ့် JV ကုမ္ပဏီကလည်း မြန်မာ့အချုပ်အခြာအာဏာကို ထိပါးမှုရှိမရှိ NUG ၊ PDF၊ EAOs တွေ ထောက်ခံတဲ့ မီဒီယာတွေက မေးခွန်းထုတ်လာတာ တွေ့ရပြန်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထဲကို အမေရိကန် ကျောထောက် နောက်ခံ FBR နဲ့ AIF တင်မက နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ စစ်မှုထမ်းဟောင်းနဲ့ လက်ရှိနော်ဝေစစ်သားတစ်ဦး တည်ထောင်ထားတဲ့ စစ်ဘက်ရေးရာကုမ္ပဏီတစ်ခုဖြစ်တဲ့ NorArm Tactical ကုမ္ပဏီကလည်း NUG ဩဇာခံ ချင်းလက်နက်ကိုင် PDF-Zoland ကို စစ်သင်တန်းပေးနေသေးတာလည်း ဖြစ်ပါတယ်။
သေချာတာက မြန်မာနိုင်ငံမှာ NUG နဲ့ EAOs ကြောင့် နိုင်ငံခြားသား လက်နက်ကိုင်တွေရှိနေတာဟာ မြန်မာ့အချုပ်အခြာအာဏာထိပါးတာဆိုရင် AIF ၊ FBR နဲ့ NorArm Tactical ကို ခေါ်သွင်းလာတဲ့ NUG ၊ PDF ၊ EAOs တွေက ဒီလက်နက်ကိုင်တွေကို ကိုယ့်နိုင်ငံကိုယ်ပြန်ပို့ဖို့ လုပ်ဆောင်ရမှာဖြစ်သလို တရုတ်မြန်မာ ကျောက်ဖြူစီးပွားရေးဇုန်လုံခြုံရေး JV ကုမ္ပဏီကလည်း မြန်မာ့အချုပ်အခြာအာဏာထိပါးလာမဲ့ တရုတ်စစ်တပ် ခေါ်သွင်းလာတာထက် လုံခြုံရေးနဲ့ လက်နက်နည်းပညာ အကူအညီပေးတာမျိုးအဆင့်တင် ရပ်တန့်ရမှာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂ (ခ)က အရ ” နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ အခြေချခွင့်မပြု” ဆိုတာကို လိုက်နာဖို့လိုအပ်မှာပါ။
မြေပြင်မှာ တရုတ် – မြန်မာ ကျောက်ဖြူစီးပွားရေးဇုန်လုံခြုံရေး JV ကုမ္ပဏီဟာ တကယ်ဖွဲ့စည်းလုပ်ကိုင်လာရင်တောင်မှ ကျောက်ဖြူမြို့နယ်အတွင်းက တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှု လုံခြုံစေရေး ပူးတွဲအကြံပေးကုမ္ပဏီအဆင့်သာ ရှိနေမှာဖြစ်ပြီး NUG ၊ PDF နဲ့ EAOs တွေ ခေါ်သွင်းထားတဲ့ AIF၊ FBR နဲ့ NorArm Tactical တို့လို မြန်မာ့အချုပ်အခြာ အာဏာထိပါးပြီး အမေရိကန်ရဲ့ လက်နက်ကိုင်တပ် မြန်မာပြည်တွင်းမှာ အခြေစိုက်ထားတာလောက်တော့ ဆိုးမယ့်သဘော မမြင်ရသေးဘူးဆိုတာကို အချုပ်အခြာအာဏာထိပါးမှာ အရမ်းကြောက်နေတဲ့ သူတွေ၊ NUG နဲ့ EAOs ခေါ်သွင်းထားတဲ့ လက်နက်ကိုင်တပ်တွေကို မပြောရဲကြသူတိုင်း နားလည်ဖို့ လိုမှာပါ။
◾ Burma Act ကောက်ကြောင်း
၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်ဖြစ်အပြီးမှာ ပြည်ပထွက်ပြေးကြသူတွေက မြန်မာနိုင်ငံရေးမှာ ဝင်ရောက်မွှေနှောက်ဖို့ ကြံရွယ်နေတဲ့ အမေရိကန် အလွယ်တကူဝင်လို့ရအောင် တောင်းဆိုမှုတွေကြောင့် အမေရိကန်ရဲ့ စစ်ရေးဘတ်ဂျက်ဖြစ်တဲ့ NDAA မှာ ၂၀၂၂ ဘဏ္ဍာရေးနှစ် အတွက်ကစပြီး ဒေါ်လာ သန်း ၂၀၀ ပတ်လည် မြန်မာ့အရေးအတွက် အသုံးပြုမယ်ဆိုတဲ့ အချက် စတင် ပါလာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ပြီး အဲဒီအက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‘Burma Act of 2022’ ပါဝင်ခဲ့သလို အဲဒီ NDAA ရဲ့ Burma Act အခန်း (၃) မှာ ကူညီထောက်ပံ့မှုပေးခြင်းကဏ္ဍပါဝင်ပြီး မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်ကနေ၂၀၂၇ ခုနှစ်အထိ ၅ နှစ် အကူအညီပေးမယ် ပါရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် အကူအညီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနက ဒေါ်လာ သန်း ၅၀ ဖိုးနဲ့ အခြားဌာနတစ်ခုက ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီမယ့် အခြေအနေရှိခဲ့သလို NDAA အရ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း လူသားချင်း စာနာမှုအထောက်အပံ့ဆိုပြီး ဒေါ်လာသန်း ၂၂၀ လည်း ခွင့်ပြုခဲ့တာပါ။
အဲဒါက ၂၀၂၃ အတွက်ပဲဖြစ်ပြီး ကျန်တဲ့နှစ်တွေအတွက် မပါတာကြောင့် အမေရိကန်ရဲ့ NDAA မှာ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇ နှစ်တွေအတွက် မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားသူဆိုတဲ့အစုအဖွဲ့ကို ကူညီရေးအသုံးစရိတ်ကို ဘိုင်ဒန်အပါအဝင် ဆက်ခံတဲ့အစိုးရတွေက လွှတ်တော်မှာ နှစ်စဥ်တင်ပြပြီး အသုံးစရိတ်တောင်းခံရမဲ့သဘောဖြစ်တယ်လို့ ယူဆရသလို Burma Act အရ ဒေါ်လာ သန်း ၅၀ က နှစ်စဉ်ရနေမှာဖြစ်တယ်လို့လည်း သိရပြီး လူသားချင်းစာနာမှုအသုံးစရိတ်တွေကတော့ တိတိပပ မသိရတော့တဲ့အခြေအနေပါ။ ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ်မှာလည်း သန်း ၂၀၀ နီးပါး၊ ၂၀၂၃ မှာ ဒေါ်လာ သန်း ၂၇၀ လောက်အပြင် ဒီနှစ်ထဲမှာလည်း အမေရိကန်က ထပ်တိုးရန်ပုံငွေ၊ လူသားချင်းစာနာမှုခေါင်းစဉ်အောက်မှာ ဒေါ်လာ ၁၄၁ သန်းအထိ ပေးထားတာဖြစ်လို့ ဒီလိုမျိုး NUG၊ PDF နဲ့ EAOs တွေအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်ခြင်းမရှိတဲ့အရာတွေကို အမေရိကန် ထောက်ပံ့ကူညီပေးမယ်ဆိုတာတွေက မြန်မာ့အရေးကို ပိုမိုရှုပ်ထွေးစေခဲ့တဲ့အပြင် အဆိပ်ပင်ရေလောင်းနေတာလို့လည်း မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းစေချင်သူတွေက မှတ်ယူနေကြတာပါ။ ဒီလိုမျိုး မှတ်ယူခံနေရတဲ့ NDAA နဲ့ Burma Act ဟာ မြန်မာ့အရေးစိတ်မဝင်စားတဲ့အပြင် ဂျိုးဘိုင်ဒန် မွှေခဲ့တဲ့ တတိယကမ္ဘာစစ်မီးအစ နျုကလီးယားစစ်ပွဲအထိပါ ဖြစ်လာနိုင်တဲ့ ယူကရိန်းနဲ့ ရုရှားအရေး၊ အစ္စရေးအရေး၊ ခိုးဝင်အရေး၊ တရုတ်အရေး ဦးစားပေးဖြေရှင်းပြီး အမေရိကန်ပထမဖြစ်လာဖို့ ကြိုးစားမယ့် ထရန့်လက်ထက်မှာ မြန်မာပြည်က အကြမ်းဖက်အဖွဲ့အစည်းတွေကို ဆက်မထောက်ပံ့တော့ဖို့ ယူဆကြတဲ့ အခြေအနေဖြစ်လာနေတာပါ။ သေချာတာက တရုတ်၊ အမေရိကန်နဲ့ ကမ္ဘာစစ်အခက်ဟာ မြန်မာ့အချက်ဖြစ်လာဖို့ ကြိုးပမ်းရမှာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ အမေရိကန်သမ္မတတို့ တောင်းဆိုသလို လက်ရှိ SAC အစိုးရအနေနဲ့ အားလုံးပါဝင်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်ပေးတာ၊ ကတိပေးထားပြီးဖြစ်တဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်းမှာ သေချာ ပေါက်ကျင်းပပေးပြီး တက်လာတဲ့အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးတာမျိုး လုပ်နိုင်မယ်ဆိုရင် မြန်မာ့မြို့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပျက်စီးသေးတဲ့နိုင်ငံဟာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစအပေါ် အတိအကျ ပြန်ရောက်လာမှာပါ။
◾ ဖုန်တာ့ရွှင်ဇာတ်ရှုပ်
အပစ်အခတ်ရပ်စဲပါ့မယ်လို့ တရုတ်နိုင်ငံကို လိမ်ညာထုတ်ပြန်ပြီးတော့မှ လားရှိုးစစ်ဆေးရုံက စစ်သည်တွေ၊ အရပ်သားတွေ၊ လူနာတွေရာချီကိုသတ်ဖြတ်ပြီး ရမခနဲ့ လားရှိုးကို သိမ်းလိုက်တဲ့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ဟာ ဩဂုတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံက အပစ်အခတ်ရပ်စဲဖို့ ထပ်မံသတိပေးချက်ကိုလည်း မထီမဲ့မြင်လုပ်ခဲ့တာ၊ ကိုးကန့်အထူးဒေသ (၁) ပိုင်ဆိုင်ခွင့်ရှိတဲ့ နယ်မြေကျော်လွန်ပြီး မြန်မာ့မြေပိုင်ဆိုင်မှု လုယက်လာတာ၊ တရုတ်နယ်စပ်စီးပွားရေးကို ဖျက်ဆီးတာ၊ KIA ကတစ်ဆင့် အမေရိကန်ထောက်လှမ်းရေးနဲ့ ချိတ်ဆက်တယ်ဆိုတာ၊ တရုတ်နွယ်ဝင် MNDAA ရဲ့ နယ်ချဲ့လုပ်ရပ်ဟာ NLD၊ NUG ၊ CRPH တို့ လှုံ့ဆော်မှုကြောင့် တရုတ်နိုင်ငံအပေါ် အမြင်မကြည်တဲ့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်မုန်းတီးရေးလှုံ့ဆော်မှုနဲ့ တရုတ်-မြန်မာအဓိကရုဏ်းမီးပွားကို တစ်ကျော့ပြန် မွေးဖွားစေသူဖြစ်လာနိုင်တယ်ဆိုတဲ့ မှတ်မြင်ယူဆမှုတွေ ထွက်ပေါ်လာသလို တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်နဲ့ “၀” ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေးနွေးမှုကလည်း လူထုကြား ပေါ်ထွက်လာခဲ့ပြီး MNDAA ရဲ့ လက်ရှိခေါင်းဆောင် ဖုန်တာ့ရွှင်ကိုလည်း တရုတ်က ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံကတော့ ဖုန်တာ့ရွှင်ကို ဖမ်းထားတာ မဟုတ်ဘဲ ကျန်းမာရေးမကောင်းလို့ ဆေးကုသပေးနေတာလို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖုန်တာ့ရွှင်ဟာ မူးယစ်ဆေးမှုနဲ့ အလိုရှိစာရင်းထုတ်ခံရဖူးသလို မြန်မာအစိုးရကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ MNDAA ရဲ့ လက်ရှိအကြီးအကဲဖြစ်နေတာ၊ ဖုန်တာ့ရွှင်ကို အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးထိန်းသိမ်းထားပြီးနောက်မှာ SAC ဥက္ကဋ္ဌဟာ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ပထမအပတ်က စတင် ပြုလုပ်တဲ့ မဟာမဲခေါင်အစည်းအဝေးကို သွားတက်ခဲ့ပြီး နိုင်ငံတော်အဆင့်ကြိုဆိုခံခဲ့ရတာ၊ တရုတ်ဝန်ကြီးချုပ်နဲ့ ဆုံတွေ့ဆွေးနွေးခွင့်ရခဲ့တဲ့ မဟာမဲခေါင်နိုင်ငံထဲက တစ်ဦးတည်းသောဝန်ကြီးချုပ်ဖြစ်ခဲ့တာ၊ မြန်မာနဲ့တရုတ်ကြားက စီမံကိန်းတွေမှာ အဓိကဆက်နွှယ် ဆွေးနွေးရမယ့် ယူနန်ပြည်နယ် ထိပ်ပိုင်းအရာရှိတွေနဲ့ ဆွေးနွေးနိုင်ခဲ့တာ၊ PDF အထိနာစေမဲ့ ဒရုန်းတွေ ကြည့်ရှုဝယ်ယူဖို့လုပ်ခဲ့တာ၊ BRI နဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း၊ ကျောက်ဖြူ-ကူမင်းရထားလမ်းလို စီမံကိန်းတွေ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တာ အထူးသဖြင့်တော့ KIA၊ TNLA၊ MNDAA တို့ သိမ်းယူထားတဲ့ နယ်စပ်ဂိတ်တွေဟာ နှစ်နိုင်ငံအစိုးရ ထိန်းချုပ်မှုအောက်မှာပဲ တည်ရှိရမယ်လို့ တရုတ်ဝန်ကြီးချုပ်လီချန်က ရာဇသံပေးလိုက်တာနဲ့ တရုတ်နိုင်ငံအတွင်းအခြေပြုပြီး မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုတွေကို လက်သင့်ခံမှာမဟုတ်ဘူးလို့ ပြောလိုက်တာတွေကြောင့် NLD၊ NUG ၊ CRPH နဲ့ EAOs နဲ့ သူတို့ထောက်ခံသူတွေကတော့ တရုတ်အစိုးရဟာ ဖုန်တာ့ရွှင်ကို ဖမ်းလိုက်တာလို့ပဲ မှတ်ယူထားကြတဲ့ အခြေအနေပါ။
ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ ၁၀၂၇ စစ်ဆင်ရေးအစကတည်းက MNDAA ဘက်ကနေ ဝင်တိုက်ပေးနေတဲ့ NUG ရဲ့ မန္တလေး PDF အဖွဲ့ရဲ့ စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်ဆိုရင် ဖုန်တာ့ရွှင်ကို ဖမ်းထားတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့” လူကြီး လူကောင်းမဆန်တဲ့ တရုတ်နိုင်ငံရဲ့ အပြုအမူတွေဟာ မြန်မာပြည်တွင်းရေးကို ကိုယ်ထိလက်ရောက် ပါဝင်သင့်တာထက် လွန်ကျုးလာနေပြီ။ မကြာခင်မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ တရုတ်နိုင်ငံ ထိပ်တိုက်တွေ့လာရနိုင်တယ်” လို့ လှုံ့ဆော်လာတာ တွေ့ရပါသေးတယ်။
ဒါပေမဲ့လည်း လက်ရှိကာလမှာ ဖုန်တာ့ရွှင်ကို ဖမ်းသည်ဖြစ်စေ၊ မဖမ်းသည်ဖြစ်စေ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ MNDAA ၊ TNLA နဲ့ ပူးပေါင်း မန္တလေး PDF တွေဟာ လားရှိုးအပါအဝင် သူတို့ နယ်မြေလုယက်သိမ်းယူထားတဲ့ မြို့တွေက ဆုတ်ခွာမှုမရှိသလို တန်ပြန်ထိုးစစ်အတွက်လည်း အခိုင်အမာပြင်ဆင်ထားတဲ့အပြင် KIA ဆိုရင်လည်း တရုတ်နိုင်ငံက အဓိကဝယ်ယူနေတဲ့ မြေရှားသတ္တုအဓိကထွက်ရှိရာ ကချင်ပြည်နယ်အထူးဒေသ (၁) တစ်ခုလုံးသိမ်းလိုက်တဲ့အပြင် တရုတ်နယ်စပ်ဂိတ်ကိုပါ တန်ပြန်ပိတ်ပြလိုက်တဲ့ အခြေအနေပါ။ ဒီလို လိပ်ခဲတည်းလည်းအခြေအနေမှာ စစ်နိုင်နေတယ်လို့ ထင်နေတဲ့ လက်နက်ကိုင်တွေက ငြိမ်းချမ်းရေးကို စိတ်ဝင်စားမှာမဟုတ်တာကြောင့် အရေးကြီးတာက ဘယ်နိုင်ငံ ကိုယ့်ဘက်ပါနေတယ်ဆိုတာထက် ဆုံးရှုံးသွားတဲ့မြေတွေ၊ မြို့တွေ ရအောင် ပြန်ယူပြီး စစ်နိုင်နေပြီအထင်နဲ့ အပေါ်စီးက နေ နေသူတွေကို ကျောင်းမှန်းကန်မှန်းသိအောင် လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ပဲလိုအပ်တာပါလို့ ကိုယ့်မြို့ကိုယ်ပြန်နေချင်ပေမဲ့ နေခွင့်မရတဲ့ စစ်ရှောင်ပြည်သူတွေကိုယ်စား ထင်မြင်သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။