၂၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိ ပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်ပြီး တိုင်းရင်းဆေးပါရဂူသင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှိးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း Video Message တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါတွင် တိုင်းရင်းဆေးတက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာမဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်သလို နိုင်ငံတော်အစိုးရ၏ ချီးမြှောက်ပံ့ပိုးမှုနှင့် မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိ ပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး ပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာ့တိုင်းရင်းဆေးပညာကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့်လည်း ယခုထက် ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်းမ်စတက်၊ မဲခေါင်အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူလိုက်ပါ ပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ အရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာကြီးမားသော ဆေးကျမ်းများနှင့် အာနိသင်ထက်မြတ်သည့် ဆေးဝါးများ စသည့် မြန်မာ့တိုင်းဆေးပညာရပ်များ၏ အနှစ်သာရအဆီအနှစ်များကို စုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ယခုညီလာခံကြီးက ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြရန် SAC ဥက္ကဋ္ဌက မှားကြားသည်။
မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့တိုင်းရင်းဆေးဝါးများ အရည်အသွေးပြည့်ဝပြီး ဘေးကင်းလုံခြုံစိတ်ချရစေရေး၊ အရည်အသွေးပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူစွမ်းအားအရင်းအမြစ် ပေါ်ထွက်လာစေရေးတို့အတွက် နိုင်ငံတော်၏ ပံ့ပိုးအားပေးမှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့၏ ကြိုးပမ်းမှုဖြင့် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေဖြင့် ကုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ၃ ရုံ၊ ကုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ ၉ ရုံ၊ ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁၃ ရုံနှင့် ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံ ၂၄ ရုံ၊ ခရိုင်တိုင်းရင်းဆေးခန်း ၅၀၊ မြို့နယ်တိုင်းရင်းဆေးခန်း ၂၁၀ ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများဖြင့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်စောင့်ရှောက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။