၂၂.၁၁.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့က အခြေခံလူတန်းစားအများစု နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဆီစာအုပ်နဲ့ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၇၅ဝဝ နဲ့ စတင်ပေးဝေနေပြီဖြစ်တယ်လို့
အုပ်ချူပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ဆီစာအုပ်ရရှိသူတွေအနေနဲ့ သန်းခေါင်စာရင်း (သို့မဟုတ်) ဧည့်စာရင်းမှာပါဝင်တဲ့ မိသားစုဝင်တွေကိုယ်တိုင် ဆီပေးဝေတဲ့ သတ်မှတ်ရက်အလိုက် သက်ဆိုင်ရာကုန်စုံဆိုင်တွေမှာထုတ်ယူနိုင်မှာဖြစ်သလို ကိုယ်စားထုတ်ယူခွင့်တွေကိုတော့ ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။
“ဆီစာအုပ်က မိမိကိုယ်တိုင်နဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ်ဘယ်နေရာရောက်ရောက် ဒီစာအုပ်နဲ့ကိုယ်ထုတ်ရမယ့် ဆီကိုယ်စားလှယ်တွေထံမှာ သွားရောက်ထုတ်ယူနိုင်ပါတယ်။အကြောင်းတစ်ခုခုကြောင့် တခြားတစ်နေရာကို ပြောင်းခဲ့ရင်ရှိသော်လည်းပဲ ဒီစာအုပ်က ကိုယ်နေခဲ့တဲ့တိုက်နဲ့လည်း မသက်ဆိုင်သလို တိုက်မှူးနဲ့လည်း မသက်ဆိုင်ပါဘူး။ စာအုပ်ကို သူတို့အတွက်ထားခဲ့ဖို့လည်းမလိုပါဘူး။ နောက်တစ်ချက်က ဆီစာအုပ်နဲ့ပူးတွဲပါရှိတဲ့ အိမ်ထောင်စုစာရင်း(သို့မဟုတ်)ဧည့်စာရင်းရှိတဲ့သူတွေက အပ အခြားကိုယ်စားထုတ်ယူခြင်းတွေ လုံးဝမရပါဘူး။ အိမ်ထောင်စုစာရင်း (သို့)ဧည့်စာရင်းစာရွက်ကိုဖြုတ်ပြီး တခြားစာရွက်နဲ့ လာထုတ်ခြင်းတွေလည်းလုံးဝမရပါဘူး”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အုပ်ချူပ်ရေး
အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက MT News သို့ ပြောပါတယ်။
လက်ရှိပြင်ပ အခြေခံစားသောက်ကုန်ဈေးကွက်မှာတော့ စားအုန်းဆီ ၄၅ ကျပ်သား အသင့်ထုတ်ပိုးပြီးသား ရယ်ဒီမိတ်တစ်ဘူးကို ကျပ် ၇၃ဝဝ ကနေ ၇၅ဝဝ ကျပ်အထိ ပေါက်ဈေးရှိနေတာလည်းဖြစ်ပါတယ်။
“မနေ့က ကျွန်တော်တို့ရပ်ကွက်မှာ ဆီစာအုပ်တွေ စ ရပါတယ်။ ရပ်ကွက်အလိုက် သတ်မှတ် ဆီပေးဝေတဲ့နေရာတွေမှာ စထုတ်လို့ရပြီလို့လည်း ရပ်ကွက်လူကြီးတွေက ပြောသွားပါတယ်။ ဆီထုတ်ဝေခွင့်စာအုပ်ကိုတော့ လက်လွှဲပြောင်းခြင်းမပြုရဘူးလို့တော့ ပါပါတယ်”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း အနေနဲ့ကတော့”Door to Door” စနစ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စားအုန်းဆီတွေကို အိမ်တိုင်ရာရောက် ဖြန့်ဖြူး ရောင်းပေးနေတာတွေကိုလည်း ယနေ့အထိလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
နောက်ဆုံးထုတ်ပြန်ထားတဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၇၀၁၅ ကျပ် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန် ကြေညာထားပါတယ်။
Photo – CJ