◾ ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများ ဒီဇင်ဘာလ ၂ ရက်တွင် လျှောက်လဲချက်ပေးမည်ဟုဆို
၂၂.၁၁.၂၀၂၄
Written By Zun
ဒုတိယအကြိမ် လေလံမအောင်ခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကြမ်းခင်းဈေးကို ကျပ် ဘီလီယံ ၃၀၀ မှ ၂၉၀ သို့ လျှော့ချ တင်ပြထားသည့်အပေါ် ကမာရွတ်ခရိုင်တရားရုံးတွင် ကန့်ကွက်လွှာတင်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်းသိရသည်။
ဦးအောင်ဆန်းဦးဘက်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်တွင် လျှော့ချရန်တင်ပြခဲ့သည့်အပေါ် ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ကန့်ကွက်လွှာတင်ခဲ့ကြခြင်းဖြစ်သည်။
ယင်းကန့်ကွက်ကိစ္စကို လာမည့် ဒီဇင်ဘာလ ၂ ရက် ရုံးချိန်းတွင် လျှောက်လဲချက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက MT News ကို ပြောသည်။
“ကျွန်တော်တို့ ကန့်ကွက်လွှာတင်လိုက်ပါတယ်ခင်ဗျ၊ ကန့်ကွက်လွှာလို့ပဲ သတ်မှတ်ပေးပါဗျ။ ဘယ်လိုမှတော့ မဟုတ်ဘူး။ ကန့်ကွက်ပိုင်ခွင့်ရှိလို့ ကန့်ကွက်ဖို့လိုအပ်လို့ ကန့်ကွက်လွှာတင်တယ်ပေါ့။ ဒါပေမဲ့ ၂ ရက်နေ့(ဒီဇင်ဘာ လ ၂ ရက်)မှာ လျှောက်လဲချက်ပေးမယ်။ အဲလိုပဲ မှတ်ပေးပါ”ဟု ယင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ၏ လေလံဈေးနှုန်းကို ယခင်သတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံ အစား ကျပ်ဘီလျံ ၃၀၀ ဟုပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်လေလံတင် ထုခွဲရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်၌ အမိန့်ချမှတ်ခဲ့ပြီးနောက် မတ်လ ၂၀ ရက်က ပထမအကြိမ်လေလံပစ်ခဲ့ရာ ဝယ်ယူသူမရှိခဲ့သောကြောင့် သြဂုတ်လ ၁၅ ရက်က ဒုတိယအကြိမ် လေလံတင်ခဲ့ရာ ဝယ်ယူမည့်သူမရှိခဲ့ပေ။ သို့သော်လည်း လေလံမအောင်မချင်း လေလံပြုလုပ်နိုင်ကြောင်း၊ ယင်းနောက် ဈေးနှုန်းလျှော့ချရန် တင်ပြခဲ့ကြောင်း စသော သတင်းများကို MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
“နိုဝင်ဘာလ ၁၃ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အချိန်လိုချင်တယ်ပေါ့။ ညွှန်ကြားချက်ရရှိမှသာလျှင် ရုံးတော်သို့တင်ပြရန် သင့်လျော်မယ်ဆိုပြီး ပထမ ရုံးချိန်းမှာပြောတယ်။ မနေ့က (နိုဝင်ဘာလ ၂၁ ရက်) ရုံးချိန်းမှာ လေလံ ကြမ်းခင်းဈေးကို လျှော့ချဖို့ သူတို့က ကန့်ကွက်တယ်ပေါ့။ တိုင်းဒေသကြီးက ကာလတန်ဖိုးတွေမှာ ၂၀၂၄-၂၀၂၅ မြေရောင်း အခွန်စည်းကြပ်တွေက အရင်နှစ်ကထက် ပိုများလာတယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာ လေလံကြမ်းခင်းဈေး လျှော့ချတယ်ဆိုတာ ညီညွတ်မှုမရှိဘူးတဲ့။ ဘယ်လို ဖြစ်တာလဲတော့မသိဘူး။ လျှောက်ထားချက်ကို ပလပ် ပေးပါပေါ့ ဆိုပြီးတော့ သူတို့က ကန့်ကွက်လျှောက်ထားတာ။ သူတို့က အချိန်လိုချင်တာ။ ရသလောက် အချိန်ဆွဲတဲ့သဘောပေါ့” ဟု အဆိုပါ ခြံလေလံကိစ္စကို လိုက်ပါဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေက MT News ကို ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးလုပ်ဆောင်နေကြကြောင်းနှင့် မကြာမှ တွေ့ခွင့်ရမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းထားသည့် ကိစ္စနှင့်ပတ်သက်၍ MT News က ဆက်လက် မေးမြန်းရာ “အဲဒါတော့ ဘာမှ မသိရသေးဘူးခင်ဗျ”ဟု ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားလွှတ်တော်ရှေ့နေက တုံ့ပြန်ပြောဆိုသည်။
အဆိုပါခြံကို အများစုက ခြံအမှတ် (၅၄) ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း ၊၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။