◾ တရားခံက စိန်ထည်ခိုးယူကာ Taxi နဲ့ထွက်ပြေးတာကြောင့် ခိုးသူရဲ့ဖခင် Taxi ယာဥ်မောင်းကို သံသယတရားခံအဖြစ် ခေါ်ယူစစ်ဆေးနေ
၂၂ .၁၁ .၂၀၂၄
Written by Hey Mar
စိန်ဆိုင်ဝန်ထမ်းက ငွေကျပ် သိန်းသုံးထောင်နီးပါး GIA စစ်ချက်ပါရှိတဲ့ စိန်ထည် လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့တာကြောင့် စခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေတဲ့အပြင် အဆိုပါဝန်ထမ်းကိုတွေ့ရှိပါက အကြောင်းကြားပေးသူကိုလည်း ငွေကျပ်သိန်းငါးဆယ် ဆုချီးမြှင့်မယ်လို့ Jewelry Box စိန်ဆိုင်က ကြေညာလာပါတယ်။
လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့သူမှာ ဝန်ထမ်းမဖြိုးဖြိုးသော်ဆိုသူဖြစ်ပြီး ဆိုင်မှာ အလုပ်ဝင်တာ တစ်လကျော်သာ ရှိသေးတဲ့ ဝန်ထမ်းလို့သိရပါတယ်။ ဆိုင်ပိုင်ရှင် ပြောပြချက်အရ အဆိုပါဝန်ထမ်းကို လိုင်းပေါ်ကနေတစ်ဆင့် ချိတ်ဆက်ရှာဖွေမိပြီး လူတွေ့ စစ်ဆေးတဲ့အခါမှာလည်း အလုပ်အကြောင်းနားလည်တတ်သိတာကြောင့် အလုပ်ရှင်တွေရဲ့ ပင်ကိုယ်သိစိတ်အရ မကြိုက်တဲ့ အချက်တွေရှိပေမယ့် ဝန်ထမ်းရှာဖွေရအခက်အခဲတွေကြောင့်ပါ ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ပိုင်ရှင် ဖြစ်သူက “သူက အလုပ်တော်ပါတယ်။ ဖြစ်တဲ့နေ့ကလည်း ဆိုင်မှာ သားမက်နဲ့ သမီးက ဘုရားဖူးသွားချိန် အန်တီရယ်၊ အိမ်အကူ အမျိုးသမီးလေးတွေရယ်ပဲ ကျန်ခဲ့တယ်။ သူက စိန်ထည်ပစ္စည်းတချို့ရဲ့ ဓာတ်ခွဲခန်းစစ်ချက်တွေတောင်း တယ်။ စာရွက်စာတမ်းတွေပေါ့။ အန်တီ ပထမ မပေးသေးဘူး။ သားမက်ဆီ ဖုန်းဆက်သေးတယ်။ သူတို့ဖုန်းတွေကလည်းမမိဘူး။ နောက်တစ်ကြိမ် လောလော လောလော လာတောင်းတော့ ခေါင်းတွေလည်းတအားကိုက်နေတာနဲ့ ပေးမိလိုက်တယ်။ နောက်ပြီး ဆိုင်ဖွင့်ထားတဲ့ ပထမထပ်ကနေ မြေညီအခန်းကို ဆင်းလာပြီး ပန်းတိမ်ထည်တွေ လက်ခံနေတယ်။ သူ့ကို အိမ်အကူနဲ့အတူ ထားခဲ့တာပေါ့။ CCTV တပ်ထားပေမယ့် အန်တီတို့ အချိန်ပြည့် မကြည့်ပါဘူး။ မကြည့်တာများပါတယ်။ လွတ်လွတ်လပ်လပ် ထားပါတယ်” လို့ ရှင်းပြပါတယ်။
ဆိုင်ပိုင်ရှင်က အောက်ထပ်အခန်းကို ဆင်းကာ ပန်းတိမ်ထည် လက်ခံနေတုန်း မဖြိုးဖြိုးသော်ဆိုသူ ဆင်းလာပြီး သူ့ရည်းစား အဝတ်တွေပါလာတယ်ဆိုကာ ပစ္စည်းထွက်ပေးချင်လို့ လို့ ပြောပြီး အပြင်ထွက်သွားတယ်လို့ ဆိုပါတယ်။
“တော်တဲ့ဝန်ထမ်းဖြစ်တယ်။ နောက်ပြီး ဝန်ထမ်းမမြဲတဲ့ အခြေအနေရယ်၊ နောက်တစ်ခုက မယုံသင်္ကာစိတ် မလုပ်ရက်တာရယ်ကြောင့် အဲ့ဒီလို သူမကြာခဏ ထွက်တွေ့ ထွက်ပေးလုပ်တာကို မကြိုက်ပေမယ့် အန်တီတို့ မတားခဲ့မိဘူး” လို့ ဆက်ပြောပါတယ်။
အဲ့သည့်နေ့မှာတော့ မဖြိုးဖြိုးသော် အပြင်ထွက်သွားတာနဲ့၊ ဆိုင်ရှင်လည်း ပန်းတိမ်ထည်လက်ခံရင်း မသင်္ကာတာကြောင့် ဆိုင်ရှိရာ ပြန်တက်လာချိန် အတူထားခဲ့တဲ့ အိမ်အကူက ရည်းစားနဲ့ ဖုန်းပြောနေပြီး ဆိုင်တံခါးကိုလည်း မဖြိုးဖြိုးသော်က အတွင်းကနေ သော့ခတ်ခဲ့တာမို့ အထဲမှာကျန်ခဲ့သူကို အတော်ခေါ်ယူကာ ဖွင့်ခိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ပစ္စည်းကို ကြည့်ရှုစစ်ဆေးရာမှာတော့ LAB စစ်ချက်ထုတ်ထားတဲ့ ကောင်တာထဲက ပစ္စည်းအရေအတွက် သေချာ မစိစစ်နိုင်တဲ့ ပမာဏက ပျောက်ဆုံးနေတာကို သိရှိတာကြောင့် အိမ်အကူတွေနဲ့ ချက်ချင်းလိုက်ကြည့်ရာ ဘေးအိမ်က သူတို့ဆိုင်ရဲ့အဖြစ်အပျက်အခြေအနေကိုမေးမြန်းတာကြောင့် ပြောပြဖြစ်ရာက ဆိုင်ဝန်ထမ်း မဖြိုးဖြိုးသော်မှာ ဆိုင်ရဲ့ CCTV လွတ်ရာနေရာမှာ အသင့်တံခါးဖွင့်စောင့်ဆိုင်းနေတဲ့ တက္ကစီကားတစ်စီးပေါ် အမြန်ပြေးတက်သွားတာကို တွေ့ရှိရတယ်လို့ ဆိုတာကြောင့် CCTV မှတ်တမ်းတွေပါယူဆောင်ပြီး သက်ဆိုင်ရာ တောင်ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်လှစ်ကာ မဖြိုးဖြိုးသော်ရဲ့ နေအိမ်ဆီ လိုက်လံရှာဖွေခဲ့ပြီး Taxi ယာဉ်မောင်း အလုပ်ကို လုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးသော်ရဲ့ ဖခင်ကို သံသယတရားခံအဖြစ် ကနဦး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပုံစာ။ Jewelry Box စိန်ဆိုင်က ကြေညာထားမှုနှင့် ခိုးယူသည်ဆိုသည့် ဝန်ထမ်းအမျိုးသမီးရုပ်ပုံ တွေ့ရစဥ်။