
ကျောက်တော်ကြီးဘုရားပွဲတော်မြင်ကွင်းကို တွေ့ရစဥ် (ဓာတ်ပုံ-နိုင်သုတ)
MT News
Written by Naing Thu Ta (MDY)
မင်းတုန်းမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ ၁၃၄ ကြိမ်မြောက် ပွဲတော်အား ယခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားပွဲအား ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် အောက်တိုဘာ ၂ ရက်မှ လပြည့်ကျော် ၃ ရက်(အောက်တိုဘာ ၁၂ ရက်) အထိ (၁၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းလောင်းပွဲအဖြစ် ယခုနှစ်တွင် ပြန်လည်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါပွဲအား နေ့စဉ် နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ ဘုရားဖူးအသွားအလာများအား ခွင့်ပြုပေးထားမည်ဖြစ်ကြောင်းနှင့် သီတင်းကျွတ်လပြည့်ကျော် ၃ရက် (အောက်တိုဘာလ ၁၂ရက်) တွင် မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာတော် ၂၅၆၆ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းသပိတ်နှင့်တကွ နဝကမ္မအလှူတော်ငွေများ လောင်းလှူပူဇော်မည်ဖြစ်ကြောင်းဂေါပကအဖွဲ့က ကြေညာထားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၀ ကျော်မှ စတင်၍ သီတင်းကျွတ်လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၇ ရက်အထိ နှစ်စဉ်ကျင်းပလေ့ရှိပြီး COVID-19 ကာလအတွင်း၌ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ယခုနှစ်သည် ယခင်ကျင်းပလျှက်ရှိသောနှစ်များထက် စော၍ကျင်းပပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကျောက်တော်ကြီးဘုရားသည် မတ္တရာမြို့နယ် စကျင်တောင်မှ စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ဖြစ်ပြီး ဥာဏ်တော်အမြင့် ၂၅ ပေခန့်၊ ဒူးတော်နှစ်ဘက် ၁၈ ပေခန့် ရှိသောကြောင့် ကြီးမားသည့်ကျောက်ဆင်းတုတော်တစ်ဆူလည်းဖြစ်သည်။ ကျောက်တော်ကြီးဘုရားပွဲသည် မန္တလေးမြို့၏ ထင်ရှားကျော်ကြားဘုရားပွဲတော်များအနက် အစည်ကားဆုံး သမိုင်းဝင်ဘုရားပွဲတော် တစ်ခုလည်းဖြစ်ပြီး စားစရာမုန့်မျိုးစုံများ၊ လူသုံးကုန် ရောင်းသည့်စျေးဆိုင်များ၊ ချားရဟတ်များနှင့်အတူ ယခင်နှစ်စဥ်က ဇာတ်ပွဲများပါ၀င်သောကြောင့် ယခုနှစ်တွင်ပြန်လည်ကျင်းပပြုလုပ်နိုင်သည့်အပေါ် ရဟန်းရှင်လူပြည်သူများပျော်ရွှင်လျှက်ရှိကြောင်းနှင့် ၎င်းပွဲတော်ကို မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၊ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရားနှင့် မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားတို၏ ဗုဒ္ဓပူဇနိယပွဲတော်များအား တပြိုင်နက်တည်းကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။





