၂၂. ၁၁. ၂၀၂၄
Written by Tha Doe
NUG လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများဖြင့် ထိုင်းနိုင်ငံ၊ Chulalongkom တက္ကသိုလ်သို့ တက်ရောက်ရန် ဆောင်ရွက်ခဲ့မှုကို ချုလာလောင်ကွန်းတက္ကသိုလ်မှ မြန်မာပြည်တွင်းရှိ တရားဝင်မန္တဆေးတက္ကသိုလ်သို့ စိစစ်ပေးပါရန် သံသယဖြင့် အကြောင်းကြားလာရာမှ ဘွဲ့လက်မှတ်ထုတ်ပေးသည့် တရားခံများ ဖမ်းမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီး လိမ်လည်ဆောင်ရွက်လျက်ရှိသဖြင့် ယုံမှားခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့်အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဆေးတက္ကသိုလ် (မန္တလေး)မှ Final Part II အား ၆-၁-၂၀၂၂ ရက်၊ ၈-၂-၂ဝ၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ဆုပြည့်မျိုးသွက်နှင့် ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်၊ ၆-၅-၂၀၂၄ ရက်တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နေ သဉ္ဇာထက်တို့ ၂ ဦးအား ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပယ်ထားခဲ့ကြောင်း သိရှိရသည်။
၎င်းတို့ ၂ ဦးသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant-DCS)ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်ဟောင်း)မှ တရားမဝင်ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ၊ Chulalongkom တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေးအတွက် တရားမဝင်လျှောက်ထားခဲ့ကြောင်း သိရှိရသည်။
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်မှ အဆိုပါကျောင်းသူ ၂ ဦး၏ တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားလာခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၀ ရက်တွင် အဆိုပါယာယီဆေးပညာဘွဲ့လက်မှတ်အား စစ်ဆေးအတည်ပြုခဲ့ရာ ဆေးတက္ကသိုလ် (မန္တလေး)မှ ထုတ်ပေးထားသော ဘွဲ့လက်မှတ်များမဟုတ်ဘဲ ဘွဲ့လက်မှတ် အတုများဖြစ်၍ တရားမဝင်ကြောင်း ပြန်လည်အကြောင်း ကြားခဲ့သည့်အတွက် Chulalongkom တက္ကသိုလ်မှ ၎င်းတို့ ၂ ဦးအား တက္ကသိုလ်တက်ရောက်ခွင့် လက်မခံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများအား ပြုလုပ်ပေးသူ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၅)လမ်း၊ တိုက်အမှတ်(၃၅)၊ တတိယထပ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် သိဏ်းချမ်း(ခ)သိန်းဝင်း(B.A; H.G.P;RL;) Notary Public မှ တရားမဝင် Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည့်အတွက် နိုဝင်ဘာလ ၂၁ ရက်တွင် တရားမဝင် Notary(သက်သေခံချက်)ပြုလုပ်ပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့ နယ်နေ တရားခံ သိဏ်းချမ်း(ခ)သိန်းဝင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ တရားခံ သက်ထက်ဦး(ခ)ဝင်းထက်မြတ်တို့ ၂ ဦးအား ၎င်းတို့ရုံးခန်း၌ စာရွက်စာတမ်းများ အတုပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ထို့အပြင် တရားခံ သိဏ်းချမ်း(ခ)သိန်းဝင်း၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီ ဆေးပညာဘွဲ့လက်မှတ်အတုအား ဘာသာပြန်ပေးခဲ့သည့် ကျောက်တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ မြတ်မင်းသူအား သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
သို့ဖြစ်ပါ၍ တရားမဝင်ယာယီဆေးပညာဘွဲ့လက်မှတ်အတု ထုတ်ပေးခဲ့သည့် တရားမဝင် ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant-DCS)ဖြစ်သူ ခင်မောင်လွင်(ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်ဟောင်း)၊ တရားမဝင် ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ၊ Chulalongkom တက္ကသိုလ်သို့တက်ရောက် ခွင့်ရရှိရေးအတွက် လျှောက်ထားခဲ့သူ ဆုပြည့်မျိုးသွက်နှင့် သဉ္ဇာထက်တို့ ၂ ဦးအား Black List (အမည်မည်းစာရင်း)ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီမှ ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့ လက်မှတ်အတုတို့အား Notary(သက်သေခံချက်) ပြုလုပ်ပေးခဲ့သည့် ဖမ်းဆီးရမိတရားခံသိဏ်းချမ်း(ခ)သိန်းဝင်း၊ သက်ထက်ဦး(ခ)ဝင်းထက်မြတ်နှင့် မြတ်မင်းသူတို့ ၃ ဦးနှင့်အတူ ပါဝင်ပတ်သက်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများအား နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင်သာ တက်ရောက်ပညာသင်ကြားစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ တရားမဝင်တက္ကသိုလ်များတွင် စာသင်ကြားမှုများ မပြုလုပ်ရန်၊ အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားသော NUG မှ တရားမဝင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်အပါအဝင် ပညာရေးကျောင်းများနှင့်ပတ်သက်၍ သတင်းရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့စေလိုကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။