၂၂.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၏ အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်စပ်အနီးရှိ ခိုင်ဘာပက်တွန်ခွာပြည်နယ်အတွင်း လူမျိုးစုများနေထိုင်ရာ ကာရမ်ခရိုင်ကိုဖြတ်လျက် ခရီးသွားနေကြသောယာဉ်တန်းကို မည်သူမည်ဝါမသိရသော သေနတ်သမားများက နိုဝင်ဘာလ ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါယာဉ်တန်းတွင် စုစုပေါင်း ခရီးသည် ၂၀၀ ခန့် ယာဉ်များပေါ်၌လိုက်ပါလာကြကြောင်း ခရိုင်ဒုတိယရဲမှူးကြီးကပြောခဲ့သည်။ သေနတ်သမားများက ဦးစွာယာဉ်တန်း၏အစောင့်ရဲကားကို ဦးတည်ပစ်ခတ်ခဲ့ကြကြောင်းလည်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူက ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် ယာဉ်တန်းကို ကာကွယ်ပစ်ခတ်ခဲ့သော်လည်း သေနတ်သမားများ၏ အကြမ်းဖက်ပစ်ခတ်မှု အောက်တွင် လူ ၄၁ ဦးသေဆုံးပြီး ၁၆ ဦးမှာလည်း ပြင်းထန်စွာဒဏ်ရာရခဲ့သည်။
ခိုင်ဘာပက်တွန်ခွာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် နာဒင် အက်စ်လမ် ချောက်ဒရီက ထိုအကြမ်းဖက်မှုမှာ ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ကြောင်းနှင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်သေးကြောင်းပြောခဲ့သည်။
ယာဉ်တန်းတွင် လိုက်ပါလာသော ဆာအီဒါဘာနိုအမည်ရှိ အမျိုးသမီးက သေနတ်သမားများကပစ်ခတ်မှုကြောင့် ၎င်းမှာကြောက်ရွံ့ကာ သေဆုံးပြီဟုထင်ခဲ့ပြီး ကားထိုင်ခုံများအောက်တွင်၎င်း၏ကလေးနှင့်အတူ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုက မိနစ်အတန်ကြာ၍ ရပ်သွားခဲ့သည်တွင် လမ်းပေါ်၌ ဒဏ်ရာရခရီးသည်များနှင့်သေဆုံးနေသူများ၏ အလောင်းများကိုတွေ့ရကြောင်း ပြောကြားခဲ့သည်။
ပစ်ခတ်မှု၏အသေးစိတ်ကိုမသိရသေးသော်လည်း တာဝန်ရှိသူတစ်ဦးက ခန့်မှန်း သေနတ်သမား ဆယ်ဦးခန့်ရှိပြီး ၎င်းတို့က လမ်း၏ ဝဲယာနှစ်ဖက်လုံးမှပစ်ခတ်ခဲ့ကြခြင်းဟု ပြောခဲ့သည်။ ၎င်းကပင် ရဲတပ်ဖွဲ့က သေနတ်သမားများနောက်သို့ ခြေရာခံလိုက်ရာတွင် အမျိုးသမီးများနှင့် ကလေးများမှာ အနီးရှိအိမ်များတွင် ပုန်းအောင်းနေခဲ့ကြကြောင်းလည်း ဆက်လက်ပြောခဲ့သည်။
ယာဉ်တန်းတွင်လိုက်ပါလာသော ခရီးသည်များ၏အများစုမှာ ရှီးယားမွတ်ဆလင်များဖြစ်ကြကြောင်းလည်း ထုတ်ပြန်သော ကြေညာချက်တစ်စောင်က ဖော်ပြခဲ့သည်။ ယခုနှစ်အတွင်း ပါကစ္စတန်၏ လူမျိုးစု နယ်မြေများ၌ ဆွန်နီနှင့် ရှီးယား မွတ်ဆလင် လူမျိုးစုများမှာ မကြာခဏပင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြသည်ဟုလည်းဆိုသည်။ ၎င်းတို့အကြား အကြမ်းဖက်တိုက်ခိုက်မှုများက အဓိကအားဖြင့် မြေအငြင်းပွားမှုများနှင့် ဆက်စပ်နေကြောင်းလည်း သိရသည်။
Ref- BBC