၂၂. ၁၁. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံရှိ နေရာဒေသမရွေးမှ ထိခိုက်လွယ်ဆုံးလူများထံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများရောက်ရှိစေရန် နည်းလမ်းအမျိုးမျိုး ရှာဖွေကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP မှ ဌာနေကိုယ်စားလှယ်အသစ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရင်ဆိုင်နေရသော နိုင်ငံအတွက် အရေးကြီးသောအခိုက်အတန့်တွင် မစ္စတာဒန်ဖိုဒ့်ကို ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်၏ ဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး လူဦးရေ ၃ ဒသမ ၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရသည်။
ဒန်ဖိုဒ့်က “မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော် တကယ့်ကို အထင်ကြီးလေးစားမိပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့ WFP ဟာ ကျွန်တော်တို့ရဲ့ အကူအညီ အထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံးလူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းက ပထမဦးစားပေးမှာ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်၏ ကယ်ဆယ်ရေးအထောက်အပံ့များသည် အရေးပေါ်အကူအညီလိုအပ်နေသူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ရပ်ရွာလူထုထံသို့ အသေအချာ ရောက်ရှိနိုင်ရေးဖြစ် ကြောင်း ပြောသည်။
WFP သည် ရပ်ရွာလူထုနှင့်အတူ ဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်အား အကူအညီများပေးအပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ ဒန်ဖိုဒ့်သည် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်တွင် လုပ်သက် ၂၅ နှစ်နှင့်အတူ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတွေ့အကြုံကောင်းများရှိသူဖြစ်ကြောင်း သိရသည်။
REf WFP